
ထိုင်းစက်မှုထုတ်ကုန် စံချိန်စံညွှန်းအင်စတီကျု (TISI) က ကလေးများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရည်အသွေးနိမ့် Squishy အရုပ် ၁၉၆၆၅ ခုကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အရုပ်များ၏ စုစုပေါင်းတန်ဖိုးက ဘတ်ငွေတစ်သန်းကျော်ရှိကြောင်း သိရသည်။
အဆိုပါ အရုပ်များသည် TikTok အပါအဝင် လူမှုကွန်ရက်များတွင် ရေပန်းစားနေပြီး နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိကြောင်း TISI က ပြောသည်။
အာဏာပိုင်များက ဘန်ကောက် Sampheng ဈေးဝန်းကျင်ရှိ ဆိုင်ခြောက်ဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ စံမမီ Squishy အရုပ် ၁၉,၆၆၅ ခုကို တွေ့ခဲ့သည်။ TISI အမှတ်တံဆိပ်မပါသည့် အရုပ်များကို ရောင်းချပါက ထောင်ဒဏ် ခြောက်လ သို့မဟုတ် ဒဏ်ငွေ ဘတ်ငါးသိန်းဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ တရားမဝင် တင်သွင်းပါက ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ဒဏ်ငွေဘတ်နှစ်သန်း ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်။
စံနှုန်းနိမ့် Squishy အရုပ်အများစုကို အရည်အသွေးနိမ့် အမြှုပ်သားများဖြင့် ပြုလုပ်ထားပြီး VOCs နှင့် Phthalates ကဲ့သို့ ကင်ဆာဖြစ်နိုင်ခြေရှိသည့် ဓာတုပစ္စည်းများ ပါဝင်နိုင်ကြောင်း သိရသည်။
စားစရာပုံစံနှင့် အမွှေးနံ့ထည့်သွင်းထားသည့် Squishy အရုပ်များကို ကလေးများက ပါးစပ်ထဲထည့်မိနိုင်ပြီး အဆိပ်အတောက်များ ထိတွေ့နိုင်ကာ အသက်ရှူလမ်းကြောင်း အန္တရာယ်ရှိနိုင်သည်။
အရုပ်များကို မသန့်ရှင်းဘဲ ကြာရှည်အသုံးပြုပါက ဘက်တီးရီးယားနှင့် မှိုများ ပေါက်ဖွားလာနိုင်ပြီး အရေပြားရောဂါ ဖြစ်စေနိုင်သည်။