Myanmar Transparency News

မြန်မာနိုင်ငံသားများကို တရားမဝင် မှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးနေသည့် ကွန်ရက်တစ်ခုအား ထိုင်းနိုင်ငံက အကြီးအကျယ် နှိမ်နင်းရာတွင် အစိုးရအရာရှိ သုံးဦး အပါအဝင် သံသယရှိသူ ၁၇ ဦးကို ဖမ်းမိ

သက်တံ့
၄. ၈. ၂၀၂၆

​ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း မြန်မာနိုင်ငံသားများကို တရားမဝင် မှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးနေသည့် ကွန်ရက်တစ်ခုအား အကြီးအကျယ် နှိမ်နင်းရာတွင် အစိုးရအရာရှိ သုံးဦး အပါအဝင် သံသယရှိသူ ၁၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

​ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများသည် မဲဆောက်မြို့ရှိ နေရာ ၂၅ ခုကို ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် မြန်မာနိုင်ငံသားများကို တစ်ဦးလျှင် ဘတ် ၄၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ အခကြေးငွေယူပြီးနောက် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်သည့် နိုင်ငံမဲ့များနှင့် အစိုးရအသိအမှတ်ပြု အထောက်အထားမရှိသူများကို ထိုင်းအစိုးရက မဖြစ်မနေ စာရင်းသွင်းကောက်ယူပြီး ထုတ်ပေးထားသည့် ယာယီ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပေးသည့် ဂဏန်း ၁၃ လုံးပါပြီး သုညဖြင့် အစပြုသော Zero-registration cards ကတ်ပြားများ တရားမဝင်ထုတ်ပေးသည့် အစီအစဉ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော ကတ်ပြားပေါင်း ၇၀၀ ကျော် ထုတ်ပေးခဲ့ပြီးဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက ယုံကြည်ထားကြသည်။

​ဖမ်းဆီးခံရသူများတွင် အစိုးရဝန်ထမ်းများ၊ ဒေသတွင်း အာမခံပေးသူများနှင့် မဟုတ်မမှန် အထောက်အထားများ အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသားများ ပါဝင်သည်ဟု ကနဦးသတင်းများက ဖော်ပြသည်။

ယခု စုံစမ်းစစ်ဆေးမှုသည် ထိုင်းနိုင်ငံ၏ ပြည်သူ့အိမ်ထောင်စုစာရင်းစနစ်ကို အလွဲသုံးစားလုပ်နေသည့် ကွန်ရက်များကို ဖြိုခွဲသည့် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

​Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News