
ရေဘေးကူညီရန် သွားရောက်သည့်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဟင်္သာတမြို့နယ် ယုန်သလင်းနှင့် ခမောက်စုကြား၌ ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကားရှောင်ရင်း ပြန်ဝိုက်တဲ့အချိန်မှာ တစ်စီးတည်းဖြစ်တာ။ တခြားယာဉ်ထိခိုက်တာတော့ မရှိဘူး။ လေးမျက်နှာ၊ အိုင်သပြုရေဘေးကို သွားရောက်လှူဒါန်းတဲ့ယာဉ်ပါ။ ဒေသတွင်းကပါပဲ။ အိုင်ဇောက်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာက ၁၆ ဦးလိုက်ပါလာတဲ့ ပုစဉ်းခေါင်းယာဉ် တိမ်းမှောက်ခြင်းဖြစ်ပါတယ်။ သေဆုံးသူမရှိပါဘူး။ ထိခိုက်ဒဏ်ရာရသူ ကျား နှစ်ဦး၊ မ လေးဦး စုစုပေါင်း ခြောက်ဦးရှိပါတယ်။ မတစ်ဦးကတော့ စိုးရိမ်ရပါတယ်။ လူနာတွေကို ဟင်္သာတပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်”ဟု သက်တံရောင် ပရဟိတအသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။
ယာဉ်တိမ်းမှောက်ခဲ့သည့်နေရာသို့ သက်တံရောင် ပရဟိတအသင်းမှ လူနာတင်ယာဉ် နှစ်စီးနှင့် ခမောက်စုလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် တစ်စီးတို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ: သက်တံရောင် ပရဟိတအသင်း