Eleven Media Group

■ လေးမျက်နှာရေဘေး၌ ဘေးဒုက္ခကြုံတွေ့သူများနှင့် ကူညီကယ်ဆယ်ရေးလာရောက်သူများ မြွေဘေးအန္တရာယ်သတိပြုရန် လိုအပ်နေ

လေးမျက်နှာရေဘေး၌ ဘေးဒုက္ခကြုံတွေ့သူများနှင့် ကူညီကယ်ဆယ်ရေးလာရောက်သူများ မြွေဘေးအန္တရာယ်သတိပြုရန် လိုအပ်နေကြောင်း သိရသည်။

“လူနေရပ်ကွက်၊ ကျေးရွာတွေရော၊ လယ်ကွင်းတွေပါ ရေမြုပ်ကုန်တော့ အဆိပ်ရှိမြွေတွေ တက်လာတယ်။ ရေဘေးဒုက္ခကြုံနေသူတွေရော၊ ကူညီကယ်ဆယ်ရေးလာရောက်သူတွေပါ သတိထားကြဖို့လိုအပ်ပါတယ်။ လေးမျက်နှာမြို့နားက လမ်းမကြီးပေါ်မှာ ညအပ်တဲ့ ကူညီကယ်ဆယ်ရေးတွေအဖွဲ့တွေ ဘေးကင်းအောင် မနေ့ညကဆို ကျွန်တော်တို့သွားရောက်ပြီး မီးစက်နဲ့ Lighting ပေးပြီးတော့ ကူညီခဲ့ပါတယ်”ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဘေးဖြစ်ပွားရာဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ရင် ကူညီနိုင်ဖို့ ရွေ့လျားဆေးကုသရေးအဖွဲ့နဲ့လည်း စပြီးဆောင်ရွက်နေပြီ။ မြွေဆိပ်ဖြေဆေးလည်း အဆင်သင့်ထားရှိထားပါတယ်။ လိုအပ်တဲ့ အခြား အရေးပေါ်သုံး ဆေးဝါးများလည်း အသင့်ပေးထားပြီးဖြစ်ပါတယ်။ တိုက်နယ်ဆေးရုံများကို ပို့ဆောင်နိုင်ဖို့အတွက်လည်း ခရိုင်ကွန်ရက် အပါအဝင် လူမှုကူညီရေးအဖွဲ့များနဲ့ အသင့်ချိတ်ဆက်ထားပါတယ်”ဟု ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းက ပြောကြားသည်။

ရေကာတာကျိုးပေါက်မှုဖြစ်ပွားပြီးနောက် လေးမျက်နှာမြို့နယ်၌ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group