
ဇွန် ၂၄ ရက်က ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် နှစ်ခုကြောင့် သေဆုံးသူ ၆၁၂၅ ဦးအထိရှိလာခဲ့ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ချ် ရိုဒရီဂွက်င်္ဇက ဩဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဇွန် ၂၄ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ပြင်းအားရှိ ငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့ပြီး အဆိုးရွားဆုံးထိခိုက်ခဲ့သည့် လာဂူအီရာ ကမ်းရိုးတန်းပြည်နယ်တွင် အများစုအပါအဝင် အဆောက်အအုံ ၂၀၀ နီးပါး ပြိုကျပျက်စီးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် နောက်ဆုံးရ သေဆုံးသူစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခင်က ထုတ်ပြန်ထားသည့် သေဆုံးသူအရေအတွက်မှာ ၅၅၄၆ ဦးဖြစ်သည်။
ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၇၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များနှင့် မိသားစုဝင်များသည် အပျက်အစီးများကြားတွင် သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက်ရှိသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၁၄၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လာဂူအီရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့စ် အလက်ဇန္ဒား တီရန်က ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် ပျောက်ဆုံးနေသူ အရေအတွက် မည်မျှရှိသည်ကို သီးခြားထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ပျောက်ဆုံးသူ အရေအတွက်သည် ၁၀၀၀၀ အထိရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
Ref: AFP