
တောင်ကိုရီးယားနိုင်ငံတစ်ဝန်းတွင် အလွန်ပြင်းထန်သော အပူလှိုင်းရိုက်ခတ်နေချိန်တွင် ယခုနှစ်အတွင်း နွေရာသီအပူရှိန်ကြောင့် သေဆုံးသူ ၁၆ ဦးအထိရှိလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
မေ ၁၅ ရက်မှ ဩဂုတ် ၂ ရက်အထိ လူပေါင်း ၂,၀၂၅ ဦးသည် အပူဒဏ်ကြောင့် ဖြစ်ပွားသော ရောဂါများကို ခံစားခဲ့ရပြီး ၎င်းတို့အနက် ၁၆ ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း တောင်ကိုရီးယား၏ အပူချိန် စံချိန်သစ်မှာ သုံးကြိမ်တိုင်တိုင် ချိုးဖောက်ခဲ့ပြီး ဩဂုတ် ၂ ရက်က ယန်ဆန်းမြို့တွင် စံချိန်တင် အမြင့်ဆုံးအပူချိန် ၄၂ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့သည်။
အပူချိန်များမှာ ၄၀ ဒီဂရီ ဆဲလ်စီးယက်စ်နီးပါးအထိ ထပ်မံမြင့်တက်လာမည်ဟု ခန့်မှန်းထားသဖြင့် ဩဂုတ် ၄ ရက်တွင် ဆိုးလ်မြို့တစ်ဝန်းလုံး၌ အမြင့်ဆုံးအဆင့်ဖြစ်သော ပြင်းထန်အပူလှိုင်း သတိပေးချက် ထုတ်ပြန်ထားသည်။
အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ပြင်းထန်သော အပူချိန် ကြုံတွေ့ရနိုင်သည်ဟု မိုးလေဝသ အေဂျင်စီက ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ သတိပေးထားသည်။
Ref: AFP