
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို) တွင် ဖြစ်ပွားနေသော အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုသည် သမိုင်းတွင် ဒုတိယမြောက် သေဆုံးမှုအများဆုံးနှင့် ဒီအာကွန်ဂိုတွင် စံချိန်တင် အကြီးမားဆုံး အီဘိုလာ ကူးစက်မှုအဖြစ် တတိယမြောက်လအတွင်းသို့ ကူးပြောင်းဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
ဒီအာကွန်ဂိုတာဝန်ရှိသူများ၏ ဩဂုတ် ၃ ရက်အထိ သတင်းထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရသူ ၃၆၉၅ ဦးနှင့် သေဆုံးသူ ၁၆၂၃ ဦးရှိပြီဖြစ်သည်။
သမိုင်းတွင် သေဆုံးမှုအများဆုံး ရောဂါကူးစက်မှုမှာ လူပေါင်း ၁၁,၀၀၀ ကျော် သေဆုံးခဲ့သည့် ၂၀၁၄-၂၀၁၆ အနောက်အာဖရိက အီဘိုလာဖြစ်စဉ်အဖြစ် ကျန်ရှိနေသေးသည်။
လက်ရှိ ကူးစက်ပြန့်ပွားမှုသည် သီးသန့်ကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးသည့် ဘန်ဒီဘူဂျိုအမည်ရှိ အီဘိုလာ ဗိုင်းရပ်စ်မျိုးစိတ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး သမိုင်းတွင် သုံးကြိမ်သာ ဖြစ်ပွားခဲ့ဖူးသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ရောဂါကူးစက်မှု သတင်းအစီရင်ခံစာသစ်တစ်ခုတွင် ရောဂါကူးစက်မှု ပိုမိုပြင်းထန်လာနေပြီး အကြမ်းဖျင်း ပျမ်းမျှ သေဆုံးမှုနှုန်းမှာ ၄၄ ရာခိုင်နှုန်းရှိကြောင်း ပြောကြားထားသည်။
အတည်ပြုလူနာ အားလုံး၏ ၈၈ ရာခိုင်နှုန်းနှင့် အစီရင်ခံထားသော သေဆုံးမှုအားလုံး၏ ၈၂ ဒသမ ၆ ရာခိုင်နှုန်းရှိရာ အီတူရီပြည်နယ်သည် ပျံ့နှံ့မှုအဆိုးရွားဆုံး ပြည်နယ်အဖြစ် မှတ်တမ်းတင်နေသည်။
အီတူရီတွင် ရောဂါကူးစက်ခံရသူများနှင့် အနီးကပ်ထိတွေ့မှုရှိသူများ၏ ၇၅ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို စနစ်တကျ စောင့်ကြည့်စုံစမ်းလျက်ရှိသည်။
"ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် တုံ့ပြန်ဆောင်ရွက်မှုတွေကို သိသိသာသာ အရှိန်မြှင့် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်" ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့သည်။
ဆေးရုံ၊ ဆေးခန်းများတွင် အီဘိုလာရောဂါ ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် မီးဖွားခြင်းများကို ရှောင်လွှဲနေကြသဖြင့် ရောဂါကူးစက်ရာ ဒေသများ၌ မိခင်သေဆုံးမှုနှုန်း မြင့်တက်လာကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။
မီးဖွားစဉ် နောက်ဆက်တွဲ ပြဿနာများကြောင့် တစ်ပတ်လျှင် ပျမ်းမျှ အမျိုးသမီး ၆ ဦးခန့် သေဆုံးနေပြီး ယင်းမှာ လွန်ခဲ့သည့်နှစ် ပျမ်းမျှထက် နှစ်ဆမြင့်တက်လာခြင်းဖြစ်သည်ဟု ဒီအာကွန်ဂိုနိုင်ငံရှိ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ဒုတိယ ကိုယ်စားလှယ် နိုင်ရိုမီဒယ်မွန်တေးက အေပီသတင်းသို့ ပြောပြခဲ့သည်။
Ref: AP
Photo: AP