
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၄၃ မိုင်အနီးတွင် ယနေ့ (သြဂုတ် ၄ ရက်) မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ယနေ့ (သြဂုတ် ၄ ရက်) မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် အမြန်လမ်းမကြီး ရန်ကုန်မှ မန္တလေးဘက်သို့ သွားသော လမ်းဘက်ခြမ်း လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၃ မိုင် ၆ ဖာလုံအနီးတွင် မှန်လုံ အိမ်စီးမော်တော်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းအရ အုတ်တွင်းမြို့နယ် ဗောဓိကုန်း အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီငြိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အခြေအနေနှင့်ပတ်သက်ပြီး “ယနေ့ မွန်းလွဲ (1:00) ခန့် ရန်ကုန်-မန္တလေး အမြန်လမ်း အရှေ့ဘက်ခြမ်း မိုင်တိုင် (၁၄၃/၆) နားမှာ မှန်လုံလူစီးကားတစ်စီး မီးလောင်နေကြောင်း ဘားအံဘက်သို့ ပြန်နေသော ဒကာက ဖုန်းဆက်အကြောင်းကြားလာလို့ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးမှူးသို့ သတင်းလှမ်းပို့၊ အမြန်လမ်း (၁၃၇) မီးသတ်စခန်းမှ ချက်ချင်းထွက်ခွာ ငြိမ်းသတ်ပေးခဲ့၊ ကားကတော့ အရိုးပဲကျန်တယ်--Alphard လိုလို Super custom လိုလို” ဟု အုတ်တွင်းမြို့ ရင်ခုန်သံ ဆရာတော်က မီးငြိမ်းသတ်ရန် ကူညီဆောင်ရွက်ခဲ့သည့် အခြေအနေအား လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုဖွင့်ဆောင်ရွက်နိုင်ရန် ဗောဓိကုန်း အမြန်လမ်းရဲတပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။