Eleven Media Group

■ အမေရိကန်က နိုင်ငံခြားသံရုံးနှင့် ကောင်စစ်ဝန်ရုံး ငါးခုကို ပိတ်သိမ်းရန် အစီအစဉ်ရှိနေ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတစ်ဝန်းရှိ သံတမန်ရေးဆိုင်ရာ အခန်းကဏ္ဍကို လျှော့ချမည့် အစီအစဉ်အဖြစ် နိုင်ငံခြားမစ်ရှင်ငါးခုကို ပိတ်သိမ်းရန် ကွန်ဂရက်ထံ အကြောင်းကြားထားကြောင်း ယင်းဖြစ်စဉ်နှင့် နီးစပ်သူများက ပြောသည်။

ဂရီနာဒါနိုင်ငံ စိန့်ဂျော့ဂျ်မြို့ ၊ ဂျပန်နိုင်ငံ နာဂိုယာမြို့ ၊ အင်ဒိုနီးရှားနိုင်ငံ မီဒန်မြို့၊ ကင်မရွန်းနိုင်ငံ ဒူအားလားမြို့နှင့် ကနေဒါနိုင်ငံ ဝင်နီပက်မြို့များရှိ သံရုံးနှင့်ကောင်စစ်ဝန်ရုံး ငါးနေရာကို ပိတ်သိမ်းရန်ဖြစ်သည်။

ဒေါ်နယ်ထရန့်အစိုးရ စတင်တာဝန်ယူပြီးနောက် အမေရိကန်အစိုးရယန္တရားကို "America First" မူဝါဒနှင့် ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံခြားမစ်ရှင် တစ်ဒါဇင်နီးပါးကို ပိတ်သိမ်းရန် စတင်ပြင်ဆင်ခဲ့သည်ဟု ထိုစဉ်က ရိုက်တာ အပါအဝင် သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ အိမ်ဖြူတော် စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံးက နိုင်ငံခြားမစ်ရှင် ၃၀ အထိ ပိတ်သိမ်းမည့်အစီအစဉ်ကို ထောက်ခံခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ သံတမန်ရေးကဏ္ဍ လျှော့ချမှုနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအတွက် အကူအညီပေးသည့် USAID ကို ဖျက်သိမ်းလိုက်မှုသည် အမေရိကန်၏ ကမ္ဘာ့ဦးဆောင်မှုကို ထိခိုက်စေနိုင်ပြီး တရုတ်နှင့် ရုရှားတို့ ဝင်ရောက်နေရာယူမည့် အခွင့်အရေး ရသွားနိုင်ကြောင်း ဒီမိုကရက်များ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတော်လုံခြုံရေး ကျွမ်းကျင်သူဟောင်းများက ဝေဖန်နေကြသည်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက် အမေရိကန်အစိုးရသည် ပစိဖိတ်ဒေသတွင်း၌ သံတမန်ရုံး အများအပြား ဖွင့်လှစ်ခဲ့ပြီး ယင်းဒေသသည် အမေရိကန်နှင့် တရုတ်တို့ သြဇာလွှမ်းမိုးနိုင်ရေးအတွက် ယှဉ်ပြိုင်နေသည့် အရေးကြီးဒေသတစ်ခုဖြစ်သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group