
ဟော်မုဇ်ရေလက်ကြားကို နာရီပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် ဩဂုတ် ၄ ရက်တွင် အဆိုပါရေလက်ကြားအတွင်း မောင်းနှင်နေသည့် ကုန်တင်သင်္ဘောတစ်စင်းသည် ပစ်ခတ်ခံခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မှစပြီး အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခဖြစ်ပွားခဲ့ကာ သံတမန်ရေးရာကြိုးပမ်းမှုများရှိခဲ့သည့်တိုင် စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့ခြင်းမရှိပေ။
လက်ရှိတွင် ကမ္ဘာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုအတွက် အဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ခဲ့သည်။
ဗြိတိန်၏ ရေကြောင်းလုံခြုံရေး အေဂျင်စီ UKMTO ၏ ထုတ်ပြန်ချက်တွင် ဩဂုတ် ၄ ရက်အစောပိုင်းက အိုမန် ကမ်းလွန်ရှိ ဟော်မုဇ် ရေလက်ကြားအတွင်း၌ ကုန်သင်္ဘောတစ်စီးကို အမျိုးအမည်မသိရသော လက်နက်တစ်ခု ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ သင်္ဘော၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း၊ ထိခိုက်ပျက်စီးမှု သို့မဟုတ် ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း UKMTO က ပြောကြားခဲ့သည်။