
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အရှေ့မြောက်ဘက်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ကန်ရေပြည့်မှတ်သို့ရောက်ရှိရန် တစ်ပေခွဲခန့်သာ ကျန်ရှိတော့၍ ရေပိုလွှဲတံခါးများကို သြဂုတ် ၃ ရက်ညမှစတင်ကာ ဖွင့်ထုတ်လျက်ရှိကြောင်း သိရသည်။
ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ ပေ၊ ရေလှောင်ပမာဏ ၃၆၃၀၀၀ ဧကပေ ဖြစ်ပြီး လက်ရှိတမံရေအမှတ်မှာ ၄၁၈ ပေသို့ ရောက်ရှိခဲ့ခြင်းကြောင့် သြဂုတ် ၃ ရက် ည ၈ နာရီမှစတင်ကာ ဖွင့်ချလျှက်ရှိခြင်းဖြစ်ကြောင်း သိရပြီး ရေပိုလွှဲတံခါး (၇) ပေါက်အနက် ရေပိုလွှဲတံခါး မည်မျှကို ဖွင့်ထုတ်ခြင်းဖြစ်သည်ကို မသိရပေ။
ယင်သို့ ရေပိုလွှဲများ ဖွင့်ထုတ်မှုမှာ ဆည်တော်ကြီးရေလှောင်တမံ၏ ကြံ့ခိုင်မှုကို ထိခိုက်မှုမရှိစေရန်နှင့် ဆည်အောက်ဘက်ရှိ ကျေးရွာများ ရေဘေးအန္တရာယ်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ထိန်းညှိဆောင်ရွက်ခြင်းဖြစ်ပြီး ဆည်အောက်ဘက်ပိုင်းရှိ အနိမ့်ပိုင်းဒေသများတွင် သတိပြုနေထိုင်ကြရန်နှင့် လက်ရှိတွင် မတ္တရာမြို့နယ်အတွင်းရှိ တံငါတံတား၏ လက်ရှိရေအမှတ်မှာလည်း ၉၅ ဒသမ ၆ သို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကာ နောက်ထပ်ရေ သုံးပေ ထပ်တိုးပါက ကားလမ်းရေကျော်နိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကျေးရွာများနှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှာ ရေများကျော်လွန်၍ စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင်နှင့် အင်းသကား ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အမြန်ဆုံး ကုန်းမြင့်ပိုင်းများသို့ အရေးပေါ် ပြောင်းရွှေ့နေထိုင်ကြပါရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီမှ အသိပေးထားသည်။
ထို့ပြင်အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနိုင်ရန် "မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီ" အနေဖြင့် အကောင်းဆုံး စုဖွဲ့ပြင်ဆင်ထားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုနှင့်ပတ်သက်၍`ဆည်အောက်ဘက်ပိုင်းက ရွာတွေမှာ ၄ နှစ်တစ်ကြိမ် ရေဝင်လေ့ရှိတယ်။ ရေဝင်တာကတော့ မဆန်းပါဘူး။ ပုံမှန်ပဲ။ ဒါပေမယ့် ရုတ်တရက် ရေမြင့်တက်လာတာမျိုးဆိုရင်တော့ ပြောင်းရ ရွှေ့ရ ကသီကုန်တာမျိုး ရှိတာပေါ့” မတ္တရာမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။