Eleven Media Group

■ ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် လူဦးရေ ၃၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးနေ

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် လူဦးရေ ၃၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ၎င်းအသုံးပြုသည့် တယ်လီဂရမ်အကောင့်တွင် ရေးသားထားသည်။

လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဩဂုတ် ၄ ရက် ညနေပိုင်းအထိ ကောက်ယူရရှိသော အချက်အလက်များအရ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈ စုနှင့် လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ရေးသားထားသည်။

ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်းလည်း ၎င်းက ရေးသားဖော်ပြထားသည်။

ရေစီးကျော်ဝင်မှုအား တားစီးနိုင်ရန်အတွက် ပန်းတာ၏ လက်ယာဘက်နှင့် လက်ဝဲဘက်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန် တုတ်တန်းရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့နိုင်ရန် ရေထုစီးနှုန်းနှင့် ရေအနက်တိုင်းတာစောင့်ကြည့်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်းလည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ရေးသားဖော်ပြထားသည်။

ဩဂုတ် ၄ ရက် ညနေ ၆ နာရီ တိုင်းတာချက်များအရ ငဝန်မြစ်၏ လေးမျက်နှာမြို့ ရေအမှတ်မှာ ၂ ဒသမ ၄ လက်မခွဲခန့် လျော့ကျလာပြီဖြစ်ကြောင်း တွေ့ရှိရသည်ဟု ၎င်းက ဆက်လက်ရေးသားထားသည်။

ထို့အပြင် ကယ်ဆယ်ရေးအဖွဲ့များတွက် သြဂုတ် ၄ ရက်အထိ စုစုပေါင်း ဓာတ်ဆီ ၁,၀၈၈ ဂါလံနှင့် ဒီဇယ်ဆီ ၄၀၂.၅ ဂါလံတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ရေးသားဖော်ပြထားသည်။

ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှု မဖြစ်စေရန်အတွက်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ B2B Satellite Terminal တပ်ဆင်ထားသော ရွေ့လျားမိုဘိုင်းကား အပါအဝင် ယူနစ် ၄ စုံဖြင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ရေးသားထားသည်။

မူရင်းသတင်း — Eleven Media Group