Eleven Media Group

■ ယီမင်ကမ်းလွန်တွင် အိန္ဒိယကုန်တင်သင်္ဘော တိုက်ခိုက်ခံရပြီး နစ်မြုပ်

ယီမင်ကမ်းလွန်ရေပြင်အနီး အိန္ဒိယအလံတင် သင်္ဘောတစ်စင်း လက်နက်တစ်မျိုးဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် သင်္ဘောနစ်မြုပ်သွားကာ လိုက်ပါလာသည့် သင်္ဘောသား ၁၄ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယ သင်္ဘောပို့ဆောင်ရေးဝန်ကြီး ဆာဘာနန်ဒါ ဆိုနိုဝယ်က ဩဂုတ် ၄ ရက်တွင် X လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ပင်လယ်နီအတွင်း MSV Faize Noore Oliya အမည်ရှိ ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသား ၁၃ ဦး အပါအဝင် သင်္ဘောသား ၁၄ ဦးကို ယီမင်ကမ်းခြေစောင့်တပ်က ကယ်ဆယ်ကာ မိုခါဆိပ်ကမ်းသို့ ပို့ဆောင်ပေးထားသည်။

ယခုတိုက်ခိုက်မှုကို အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့က ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ထားသည့် လှေတစ်စင်းကို အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရလက်အောက်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။

အိန္ဒိယ သင်္ဘောပို့ဆောင်ရေးဝန်ကြီးက ယခုလုပ်ရပ်ကို အကြောင်းမဲ့ တိုက်ခိုက်မှုဟု ရှုတ်ချခဲ့ပြီး ဒေသတွင်း၌ သင်္ဘောသားများ၏ လုံခြုံရေးကို အာမခံနိုင်ရန် လိုအပ်သည့်အစီအမံများ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီးကတည်းက ဆော်ဒီအာရေဗျမှ ရေနံတင်ဆောင်လာသည့် သင်္ဘောအချို့သည် ပင်လယ်နီရှိ အခြားရေလမ်းကြောင်းကို အသုံးပြုသွားလာကြသည်။ သို့သော် ယီမင်ကမ်းလွန် ပင်လယ်နီဒေသတွင် ဟူသီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ရေကြောင်းသွားလာမှုများ အခက်ကြုံနေရပြီး ဟူသီအဖွဲ့က ဆော်ဒီအာရေဗျ၏ ပို့ကုန်တင်ပို့မှုများကို ပိတ်ဆို့ရန် ရည်ရွယ်ကာ အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများကို ပိုမိုကျယ်ပြန့်လာစေသည်။

Ref: Reuters / BBC
Photo: AFP

မူရင်းသတင်း — Eleven Media Group