
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် သြဂုတ် ၄ ရက် ညပိုင်းက ကျောင်းတိုက်တစ်ခုအတွင်း အတူသီတင်းသုံးနေသည့် အရက်မူးနေသော သံဃာတစ်ပါးမှ အသက် ၇၆ နှစ်အရွယ်ရှိ သံဃာတစ်ပါးအား ဓားဖြင့်ခုတ်ခဲ့ရာမှ ရရှိသော ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၄ ရက် ည ၁၁ နာရီခွဲခန့်က ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဦးမာဏိတ (ခ) မျိုးဇော်သည် အရက်သောက်စားမူးယစ်ကာ ဓားကိုင်ဆောင် သောင်းကျန်းနေခဲ့ကြောင်း သိရသည်။ ထိုသို့ ဓားကိုင်သောင်းကျန်းနေသဖြင့်အသက် ၇၆ နှစ်အရွယ်ရှိ ဦးနန္ဒဝံသ (ခ) ဦးတင်လှိုင်က ဝင်ရောက်ဖြန်ဖြေပေးခဲ့ရာ စကားများခဲ့ကြပြီး ဦးမာဏိတ (ခ) မျိုးဇော်မှ ဦးနန္ဒဝံသ (ခ) ဦးတင်လှိုင်အား အသွား ၁၂ လက်မခန့်ရှိသည့် ထင်းခုတ်ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရှိရသည်။
ထင်းခုတ်ဓားဖြင့်အခုတ်ခံရသော ဦးနန္ဒဝံသ (ခ) ဦးတင်လှိုင်တွင် ဦးခေါင်း၊ လည်ဂုတ်၊ ပုခုံးနှင့် လက်တို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြကြောင်း၊ ပဲခူးဆေးရုံတွင် ကုသစဉ် ရရှိသောဒဏ်ရာမှာ ပြင်းထန်သဖြင့် ပဲခူးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကုသရန် ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၅ ရက် နံနက် ၂ နာရီခွဲခန့်တွင် ရရှိထားသော ဒဏ်ရာများဖြင့် လမ်းခရီး၌ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆရာတော် ဦးနန္ဒဝံသအား ဓားဖြင့်ခုတ်ခဲ့သူ ဦးမာဏိတ (ခ) မျိုးဇော်အား မြို့နယ်သံဃနာယကအဖွဲ့၏ ဆောင်ရွက်မှုဖြင့် လူဝတ်လဲစေခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#သံဃာ #ပဲခူးမြို့ #elevennews