
ထိုင်းနိုင်ငံ နခွန်စီသမ်မရတ်ပြည်နယ်ရှိ Ban Fai Tha ကမ်းခြေတွင် အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦး ရေကူးရင်း Box Jellyfish ခေါ် အဆိပ်ပြင်းရေခူနှင့် ထိတွေ့မိပြီးနောက် သေဆုံးသွားကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ဩဂုတ် ၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါကျောင်းသားက ရေကူးနေရင်း အော်ဟစ်အကူအညီတောင်းသဖြင့် သူငယ်ချင်းတစ်ဦးက ပြေးသွားကြည့်ရာ ၎င်း၏အနီးတွင် ရေခူသုံးလေးကောင်ခန့် တွေ့ခဲ့ရပြီး မကြာမီ လူပါ သတိလစ်မေ့သွားခဲ့သည်။
သူငယ်ချင်းက အနီးတွင် အသင့်စောင့်ဆိုင်းနေသည့် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ကို အကူအညီတောင်းပြီး ၎င်းကို ဆေးရုံအမြန်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ပြီးနောက် သေဆုံးသွားသည်။ ဆေးစစ်ချက်များအရ ကျောင်းသား၏ ရင်ဘတ်၊ လက်မောင်းနှင့် လည်ပင်းတို့တွင် Box Jellyfish အဆိပ်ထိထားသည့် လက္ခဏာများ တွေ့ခဲ့ရသည်။
၎င်းကိုကူညီရန် ကြိုးစားခဲ့သည့် သူငယ်ချင်းနှစ်ဦးနှင့် ဒေသခံတစ်ဦးတို့လည်း ရေခူအဆိပ်ဒဏ်ရာများ ရခဲ့သည်။ ၎င်းတို့က အသက်အန္တရာယ်မရှိပေ။
ယင်းဖြစ်စဉ်အပြီး အာဏာပိုင်များက ကမ်းခြေများတွင် Box Jellyfish အန္တရာယ် သတိပေးချက်ကို တိုးမြှင့်ထုတ်ပြန်လိုက်ပြီး ကမ်းခြေလာရောက်သူများကို အရေးပေါ်ကူညီပေးနိုင်ရန် ဝန်ထမ်းများ ထပ်တိုးချထားခဲ့သည်။
Box Jellyfish သည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး ရေခူမျိုးစိတ်များအနက် တစ်မျိုးဖြစ်ပြီး ၎င်း၏အဆိပ်က လူ၏အာရုံကြောစနစ်၊ နှလုံးကြွက်သားနှင့် အသက်ရှူလမ်းကြောင်း သွေးလည်ပတ်မှုကို ပြင်းထန်စွာထိခိုက်စေကာ အချိန်မီမကုသပါက အသက်ဆုံးရှုံးနိုင်သည်။
Ref: The Nation Thailand