
တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန် လေတပ်စခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆန္ဒပြသူကျောင်းသား ရှစ်ဦးကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့နှင့် အမေရိကန်စစ်တပ်က ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယား တိုးတက်သော တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် ဆိုးလ်မြို့တောင်ဘက် ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာရှိ အိုဆန် လေတပ်စခန်း ပြင်ပ၌ ဩဂုတ် ၄ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။
တောင်ပိုင်းမြို့တစ်မြို့ဖြစ်သည့် ဂွမ်ဂျူးတွင် အမေရိကန်စစ်တပ် ရှိနေခြင်းသည် အဆိုပါဒေသ၌ ပြုလုပ်ရန် စီစဉ်ထားသည့် ဆိုးလ်၏ အဓိက ဆီမီးကွန်ဒါတာစက်ရုံ စီမံကိန်းကို ရှုပ်ထွေးသွားစေနိုင်ကြောင်း စွပ်စွဲပြောဆိုကာ သမဂ္ဂအဖွဲ့ဝင်များသည် တောင်ကိုရီးယားရှိ အမေရိကန်လေတပ်၏ အဓိက စခန်းပြင်ပတွင် စုဝေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ လူရှစ်ဦးသည် အိုဆန် လေတပ်စခန်း၏ ပင်မဂိတ်ပေါက်မှတစ်ဆင့် တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသဖြင့် ဩဂုတ် ၄ ရက်က ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်အနေဖြင့် ၎င်းတို့ကို တောင်ကိုရီးယား အမျိုးသားရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းကာ သင့်တော်သည့် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယား ရဲတပ်ဖွဲ့က အဆိုပါ ကျောင်းသားများကို ထိန်းသိမ်းထားသော်လည်း စစ်ဆေးမေးမြန်းစဉ်အတွင်း ၎င်းတို့က ထွက်ဆိုပေးရန် ငြင်းဆန်ထားကြောင်း AFP သို့ ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းသားအဖွဲ့သည် ဂွမ်ဂျူးမြို့တွင် ပြုလုပ်ရန် လျာထားသည့် ဆီမီးကွန်ဒါတာ စက်ရုံစု စီမံကိန်းအား အမေရိကန်စစ်တပ်က ဝင်ရောက်နှောင့်ယှက်မှုအပေါ် ရှုတ်ချကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်ရှိ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
Ref: AFP
Photo: AP