
အိန္ဒိယတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားပြီး ဇူလိုင်လမှစ၍ လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူပေါင်း သောင်းချီ ဘေးလွတ်ရာ စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
နှစ်စဉ်ကျရောက်သော မုတ်သုံမိုးသည် တောင်သူလယ်သမားများ မှီခိုအားထားရသည့် မိုးရေကို ဆောင်ကြဉ်းပေးသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် တောင်အာရှဒေသတစ်ဝန်းတွင် ယင်းဖြစ်စဉ်မှာ ပိုမိုမှန်းဆရခက်ကာ ပုံမှန်မဟုတ်ဘဲ ပိုမိုဆိုးရွားလာကြောင်း သိပ္ပံပညာရှင်များက ပြောကြားကြသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသံပြည်နယ်သည် နှစ်စဉ် ရွာသွန်းသော မုတ်သုံမိုးကြောင့် ထိခိုက်ပျက်စီးမှု အများဆုံး ဒေသများအနက် တစ်ခုဖြစ်ပြီး အနည်းဆုံး လူ ၈၇ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာ ဘစ္စဝါ ဆာမာက ပြောကြားခဲ့သည်။
ပြည်နယ်အတွင်း ထိခိုက်မှု အဆိုးရွားဆုံးဖြစ်သည့် သီဝသာဂါခရိုင်တွင် နေရာတော်တော်များများ ရေကြီးနေဆဲဖြစ်ပြီး လူ ၄၇ ဦးခန့် သေဆုံးခဲ့သည်။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထောက်ပံ့နိုင်ရန်အတွက် ပြည်နယ်အာဏာပိုင်များက ပြည်သူများထံမှ ငွေကြေးလှူဒါန်းကြရန် မေတ္တာရပ်ခံထားကြသည်။
"ဒီနေရာက ပျက်စီးဆုံးရှုံးမှုဟာ အရင်က ဘယ်တုန်းကမှ ကြုံတွေ့ဖူးခြင်းမရှိခဲ့တဲ့ အနေအထားဖြစ်ပါတယ်" ဟု အာသံပြည်နယ် ဝန်ကြီးချုပ် ဆာမာက X လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။
ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အရာရှိများ၏ အကူအညီဖြင့် ဒေသခံများသည် ရေဘေးလွတ်ကင်းရာ ကုန်းမြင့်ပိုင်းများသို့ ရောက်ရှိရန် ဖောင်များနှင့် လေထိုးလှေများကို အသုံးပြုနေကြသည်ကို အေအက်ဖ်ပီသတင်းဓာတ်ပုံများတွင် မြင်တွေ့ရသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင်မူ ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အနည်းဆုံး လူ ၁၅ ဦး သေဆုံးကာ အခြား ၇ ဦး ပျောက်ဆုံးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဗီဒီ ဆက်သီဆန်က ပြောကြားခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး မြစ်ရေလျှံကာ မြစ်ကမ်းပါးများ ကျိုးပေါက်ခဲ့ပြီးနောက် ပြည်နယ်အတွင်း ဒုက္ခသည်စခန်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားရကာ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးထားရသည်။
ဟိမဝန္တာ တောင်တန်းဒေသတွင် တည်ရှိသည့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။
နိုင်ငံ၏ နေရာဒေသအများအပြားတွင် ရေရှားပါးမှုနှင့် မိုးခေါင်ရေရှားမှုများကို ရင်ဆိုင်ရလေ့ရှိသည့် အိန္ဒိယနိုင်ငံ၏ ရှည်လျားသော နွေရာသီကာလ ကုန်ဆုံးပြီးနောက် မုတ်သုံမိုးကြောင့် ဖြစ်ပွားသည့် ဘေးအန္တရာယ်များသည် နိုင်ငံတစ်ဝန်းတွင် နှစ်စဉ် ကြုံတွေ့နေကျ ဖြစ်စဉ်တစ်ခုဖြစ်သည်။
Ref: AFP
Photos- AP