Eleven Media Group

■ အမေရိကန်က ကျောထောက်နောက်ခံပြုထားသည့် ဂါဇာစီမံကိန်းကို သဘောမတူကြောင်း အစ္စရေးဝန်ကြီးချုပ် ပြောကြား

အမေရိကန်က ကျောထောက်နောက်ခံပြုထားသည့် ဂါဇာစီမံကိန်းကို အစ္စရေးက သဘောမတူခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့သည်။

ဂါဇာမှ အစ္စရေးတပ်ဖွဲ့များ ရုပ်သိမ်းရေးသည် ဟားမာ့စ်အဖွဲ့များ လက်နက်ဖြုတ်သိမ်းပြီးမှသာ ဖြစ်ပေါ်လာမည်ဟု အာမခံချက်ရရှိထားသော်လည်း နေတန်ယာဟုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အဖွဲ့သည် ဟားမာ့စ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး ဂါဇာကို စစ်မဲ့ဇုန်အဖြစ် ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း၊ မိမိတို့အနေဖြင့် ယင်းကို လေ့လာနေကြောင်း၊ အမေရိကန်သည် မိမိတို့ထံ မူကြမ်းတစ်ခု ပို့ထားသော်လည်း မိမိတို့က သဘောမတူကြောင်း၊ ယင်းသည် မိမိတို့ရေးဆွဲသည့် မူကြမ်းမဟုတ်ကြောင်းနှင့် မိမိတို့၏ မှတ်ချက်များကို ပြန်လည်ပေးပို့ထားကြောင်း နေတန်ယာဟုက ဩဂုတ် ၄ ရက်ညက ၎င်း၏ လူမှုကွန်ရက်အကောင့်များတွင် တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။

နေတန်ယာဟုသည် ဩဂုတ် ၃ ရက်က အမေရိကန် ကျောထောက်နောက်ခံပြု ငြိမ်းချမ်းရေးဘုတ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ဟားမာ့စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းပြီးမှသာ အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာမှ ထွက်ခွာရန် လိုအပ်မည်ဖြစ်ကြောင်း အာမခံချက်များ ရရှိခဲ့သည်။

သို့သော် အဆိုပါ သဘောတူညီချက်ကို ငြင်းပယ်ရန်အတွက် နေတန်ယာဟု၏ လက်ယာစွန်း ညွန့်ပေါင်းမဟာမိတ်အဖွဲ့ဝင်များထံမှ ဖိအားများ ပိုမိုကြီးမားလာခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group