
ကရင်ပြည်နယ်၊ မြန်မာ -ထိုင်း နယ်စပ်မြဝတီမြို့တွင် မူးယစ်ဆေးဖြတ် ကုသခြင်းနှင့်ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြဝတီမြို့ အမှတ်၅ ရပ်ကွက် ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်စီမံ ခန့်ခွဲရေးဦးစီးဌာန ရုံးတွင် သြဂုတ်လ ၅ရက် နံနက် ၁၀ နာရီခွဲ ခန့်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ မူးယစ်ဆေးပြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်းကာလ မှာ ရက်၉၀ ဖြစ်ပြီး မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ကရင်ပြည်နယ်အသင်းခွဲ က ကြီးမူးကျင်းပခဲ့ခြင်းဖြစ်သည်။
မြဝတီခရိုင်စီမံအုပ်ချုပ်ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် မူးယစ်နွံမှ ရုန်းထွက်ပြီး စိတ်သစ်လူသစ်နှင့် ဘဝ ပြန်လည်ထူထောင်ရေးအတွက် ယခုဖွင့်လှစ်သည့်သင်တန်းအား တက်ရောက်လာကြသည့် လူငယ်၊လူကြီးများ အားကြိုဆိုကြောင်း၊မိမိဘဝအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ၊ဌာနဆိုင်ရာများကလည်း လိုအပ်သည်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ကရင်ပြည်နယ် အသင်းခွဲ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ""မူးယစ်ဆေးဖြတ်ကုသခြင်းနဲ့ ပြန်လည်ထူထောင်ရေးသင်တန်းဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်ဆိုင်ရာများနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းကာလကတော့ ရက်၉၀ ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ မူးယစ်ဆေးဖြတ် ကုသခြင်းနဲ့ ပြန်လည်ထူထောင်ရေး သင်တန်းကိုစိတ်ဝင်စားရင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တဆင့် ဆက်သွယ်နိုင်သလို ညီနောင်ရွာသစ်မှာ ဖွင့်လှစ်ထားတဲ့ ကျွန်တော်တို့ ရုံးသို့လည်း အချိန်မရွေးတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်"ဟုပြောကြားသည်။
ယနေ့သင်တန်းသို့ စိတ်သစ်လူသစ်နှင့်ဘဝပြောင်းလဲချင်သူ လူကြီးလူငယ် အမျိုးသား ၂၉ဦးနှင့် အမျိုးသမီး၁ဦးတို့တက်ရောက်ကုပြီး ဘဝရှေ့ရေးအတွက် အသက်မွေးပညာများ တတ်မြောက်အောငွ သင်ယူကြမည်ဖြစ်ကြောင်း ၄င်းတို့ထံမှသိရသည်။
အဆိုပါ အခမ်းအနားသို့ မြဝတီ မြို့ ခရိုင် အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ဖိတ်ကြားထားသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊သင်တန်းသူ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။