Eleven Media Group

ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် သြဂုတ် ၅ ရက်အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာ၌ ရေးကြီးမှုဖြစ်ပွားနေ

ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် သြဂုတ် ၅ ရက်အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာ၌ ရေးကြီးမှုဖြစ်ပွားနေ

ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် သြဂုတ် ၅ ရက်အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာ၌ ရေးကြီးမှုဖြစ်ပွားနေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားခဲ့သဖြင့် သြဂုတ် ၅ ရက်အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ခြောက်ရွာနှင့် ကျုံပျော်မြို့နယ် နှစ်ရွာ စုစုပေါင်း ၁၀၆ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါငဝန်တာ ကျိုးပေါက်မှုကြောင့် ရေဝင်ကြီးရေလျှံမှုဖြစ်ပေါ်သဖြင့် ရေဘေးကူညီကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားရှိပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေတိုက်စား ပြိုကျမှုမှ ကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်းအိတ်များ ချခြင်း၊ ရေရှိန်တားပြုလုပ်ခြင်း၊ ရေကာတာ တာပေါင်မြေဖို့ ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဩဂုတ် ၄ ရက် ညနေပိုင်းအထိ ကောက်ယူရရှိသော အချက်အလက်များအရလည်း ငဝန်ရေကာတာပျက်စီးမှုကြောင့် လေးမျက်နှာမြို့နယ်တွင် ပြည်သူသုံးသောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရိုက ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရို၏ ထုတ်ပြန်ချက်အရ ဩဂုတ် ၄ ရက် ညနေပိုင်းအထိ လေးမျက်နှာမြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈စု၊ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

ထိုသို့သောအခြေအနေတွင် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ရေစီးကျော်ဝင်မှုအား တားစီးနိုင်ရန်အတွက် ပန်းတာ၏ လက်ယာဘက်နဲ့ လက်ဝဲဘက်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန် တုတ်တန်းရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့နိုင်ရန် ရေထုစီးနှုန်းနှင့်ရေအနက်တိုင်းတာစောင့်ကြည့်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရိုက ဆိုသည်။

ဩဂုတ် ၄ ရက် ညနေ ၆ နာရီ တိုင်းတာချက်များအရ ငဝန်မြစ်၏ လေးမျက်နှာမြို့ ရေအမှတ်မှာ ၂ ဒဿမ ၄ လက်မခွဲခန့် လျော့ကျလာပြီဖြစ်ကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကယ်ဆယ်ရေးအဖွဲ့များတွက် ဩဂုတ် ၄ ရက်အထိ စုစုပေါင်း ဓာတ်ဆီ ၁,၀၈၈ ဂါလံနှင့် ဒီဇယ်ဆီ ၄၀၂.၅ ဂါလံတို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှု မဖြစ်စေရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ B2B Satellite Terminal တပ်ဆင်ထားသော ရွေ့လျားမိုဘိုင်းကားအပါအဝင် ယူနစ် ၄ စုံဖြင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မူရင်းသတင်း — Eleven Media Group