
မြန်မာ -ထိုင်း နယ်စပ် ၊မြဝတီ-မဲဆောက် အမှတ်( ၁) ချစ်ကြည်ရေးတံတားတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်လျှက်ရှိခြင်းကြောင့် တံတားပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များအား ဖြတ်သန်းခွင့် ပိတ်သိမ်းသည်အထိအရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁) မဲဆောက်ဘက်ခြမ်း တွင် စည်းကမ်းမဲ့ ယာဉ်ရပ်တန့်မှု များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် သွားလာရေး မကြန့်ကြာစေရန် ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များကို အများ မြင်သာအောင် ဆိုင်းဘုတ်စိုက်ထူပြီး ထုတ်ပြန် အသိပေးထား ခြင်းဖြစ်သည်။
မော်တော်ယာဉ်များ လိုက်နာရမည့်စည်းကမ်းချက်များမှာ တံတားပေါ်ဖြတ်သန်းသည့် မော်တော်ယာဉ်များ အနေဖြင့် လမ်းအလယ်စည်းကျော်၍ လက်ဝဲဘက်သို့ ကပ်ရပ်ခြင်း၊ ယာဉ်များ တစောင်းရပ်ခြင်းနှင့် ယာဉ်နှစ်ထပ် ရပ်တန့်ခြင်းများကို လုံးဝ မပြုလုပ်ရန် အသိပေးထားသည်။
ထို့ပြင် မဲဆောက်သို့ အဝင်တံဆိပ်တုံး ရိုက်နှိပ်ရန် စောင့်ဆိုင်းစဉ် လက်ဝဲဘက်သို့ စနစ်တကျ တန်းစီစောင့်ဆိုင်းရမည်ဖြစ်ပြီး တံဆိပ်တုံး ရိုက်နှိပ်ခြင်း မပြီးသေးဘဲ ရှေ့ယာဉ်ကို ကျော်တက်ခြင်း မပြုလုပ်ရန် နှိုးဆော်ထားသည်။
သတ်မှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်ပါက စည်းကမ်းမဲ့ ရပ်တန့်သည့် ယာဉ်မောင်းနှင့် ယာဉ်များကို တံတားအဝင်/အထွက် ပထမအကြိမ် (၁) ပတ်၊ ဒုတိယအကြိမ် (၁) လနှင့် တတိယအကြိမ်မြောက်တွင် (၃) လအထိ တံတားဖြတ်သန်းခွင့် ပိတ်ပင်အရေးယူသွားမည်ဖြစ်သည်။
စည်းကမ်းမလိုက်နာသည့် ယာဉ်များကို မိဘပြည်သူများမှလည်း မှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ပေးပို့တိုင်ကြားပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် စည်းကမ်းရှိစွာ မောင်းနှင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်ဟု ထုတ်ပြန်ထားသည်။
ဆိုင်းဘုတ်များတွင် ပြထားသည့်အတိုင်း စည်းကမ်းချိုးဖောက်ခြင်းမပြုရန်လည်း အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဟုသိရသည်။
မြဝတီ-မဲဆောက်အမှတ်၁ ချစ်ကြည်ရေးတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင်း ထိုင်းနိုင်ငံဘက်၌ သွားရောက်ပညာသင်ယူနေကြသော ကျောင်းသား ကြိုပို့ယာဉ်များ ၊အရေးပေါ်လူမှုကယ်ဆယ်ရေး ယာဉ်များမှာ အခက်အခဲများစွာ ဖြစ်လျှက်ရှိပြီး အဆိုပါတံတားမှတဆင့် ထိုင်းနိုင်ငံဘက်သို့ နေစဉ် မြန်မာနိုင်ငံသား ခရီးသွား နှစ်ထောင်ခန့်မှာ မော်တော်ယာဉ်များဖြင့်ဖြတ်သန်းလျက်ရှိသည်။
Photo.Myat Ko ko Hlaing