
အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ Facebook ပို့စ်တစ်ခုကို ပိတ်ပင်ခဲ့မှုအတွက် Meta ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ အရာရှိချုပ် ဂျိုးအယ် ကက်ပလန်က အိန္ဒိယ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း ဩဂုတ် ၅ ရက်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
"ဝန်ကြီးချုပ် မိုဒီရဲ့ ပို့စ်ကို မှားယွင်း ပိတ်ပင်မိခဲ့တဲ့အတွက် Meta ကုမ္ပဏီကိုယ်စား နည်းပညာဝန်ကြီးကို ကျွန်တော် တောင်းပန်ခဲ့ပါတယ်" ဟု ကက်ပလန်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက မိုဒီ၏ ပို့စ်တစ်ခုကို Facebook က ယာယီပိတ်ပင်ခဲ့ပြီးနောက် အိန္ဒိယ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနသည် Meta အမှုဆောင်များကို ဆင့်ခေါ်ခဲ့သည်။
လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အမှားအယွင်းကြောင့် အဆိုပါပို့စ်မှာ သတိမမူမိဘဲ ပိတ်ပင်ခံခဲ့ရခြင်းဖြစ်ကြောင်း Meta က ပြန်လည်ဖြေရှင်းခဲ့သည်။
ထို့ပြင် Facebook ပေါ်တွင် မိုဒီကို စော်ကားပုတ်ခတ်သည့် ပုံစံဖြင့် သရုပ်ဖော်ထားသည်ဟုဆိုသော ဗီဒီယိုများနှင့် ပတ်သက်ပြီး အိန္ဒိယတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့ ရဲတပ်ဖွဲ့က Meta India ၏ အကြီးအကဲ အာရွန် သရီနီဗာ့စ်ကို အမှုဖွင့် အရေးယူထားကြောင်း ရဲအရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြီးခဲ့သည့် သီးတင်းပတ်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ဗီဒီယိုများသည် အိန္ဒိယနိုင်ငံ၌ ၁၀ နှစ်ကျော်အတွင်း အကြီးမားဆုံး ဖြစ်ပွားခဲ့သော လူငယ်များ ဦးဆောင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ချိန်တွင် ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယတွင် စာမေးပွဲမေးခွန်းများပေါက်ကြားခဲ့မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဆန္ဒပြမှုများကြောင်း အိန္ဒိယပညာရေဝန်ကြီးသည် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်များသည် ဝန်ကြီးချုပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများအပေါ် Meta နှင့် မိုဒီ အစိုးရအကြား မကြာသေးမီက ဖြစ်ပွားခဲ့သော တင်းမာမှုများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
မိုဒီသည် မကြာမီသေးမီ သီတင်းပတ်များအတွင်း အွန်လိုင်းပေါ်တွင် ဝေဖန်မှုများ၊ ပြက်ရယ်ပြုမှုများနှင့် လှောင်ပြောင်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။
သီးခြားကိစ္စရပ်တစ်ခုအနေဖြင့် Meta ၏ စီအီးအို မာ့ခ် ဇူကာဘတ်က ကုမ္ပဏီ၏ လူမှုမီဒီယာ ပလက်ဖောင်းများပေါ်ရှိ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုဆိုင်ရာ အကြောင်းအရာများ၊ တည်းဖြတ်ပြုပြင်ထားသောဗီဒီယိုများနှင့် အခြားသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ပျက်ကွက်မှုများအတွက် အိန္ဒိယ အစိုးရကို တောင်းပန်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
Meta အမှုဆောင်များနှင့် အိန္ဒိယ အစိုးရ တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးပွဲအတွင်း ဇူကာဘတ်က တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး သတင်းဌာနဖြစ်သည့် Moneycontrol နှင့် အခြား ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို Meta က ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။
Instagram ပေါ်တွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို အားပေးအားမြှောက်ပြုသည့် ကြော်ငြာများနှင့် အကြောင်းအရာများကို ဖယ်ရှားရန် အိန္ဒိယအစိုးရက Meta အား ဇူလိုင်လတွင် အမိန့်ပေးခဲ့ကြောင်း အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။
ထိုစဉ်က Meta က မိမိတို့အနေဖြင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ လုံးဝ လက်မခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိပြီး အဆိုပါအကြောင်းအရာများကို စိစစ်ဖော်ထုတ်သည့် စနစ်များကို ဆက်လက် တိုးမြှင့် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။
Ref: Reuters