Eleven Media Group

ဘင်္ဂလားဒေ့ရှ်မှ မှောင်ခိုတင်သွင်းသည့် ကုန်စည်များအတွက် အဖိုးအခပေးချေရာတွင် ရခိုင်ပြည်နယ်ရှိ AA အပါအဝင် လက်နက်ကိုင်အဖွဲ့များသည် ငွေသားအပြင် မူးယစ်ဆေးဝါးများဖြင့်ပါ ပေးချေနေကြောင်း The Daily Star သတင်းတွင် ဖော်ပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်သို့ ဘိလပ်​မြေအပါအအဝင် ကုန်ပစ္စည်းများကို တရားမဝင်ပေးပို့သူများအား ဘဂ်လား​​ဒေ့ရှ်ဘက်မှ ယခုနှစ်အတွင်း ဖမ်းဆီးခဲ့မှုများကို ​တွေ့ရစဥ်။

ဘင်္ဂလားဒေ့ရှ်မှ မှောင်ခိုတင်သွင်းသည့် ကုန်စည်များအတွက် အဖိုးအခပေးချေရာတွင် ရခိုင်ပြည်နယ်ရှိ AA အပါအဝင် လက်နက်ကိုင်အဖွဲ့များသည် ငွေသားအပြင် မူးယစ်ဆေးဝါးများဖြင့်ပါ ပေးချေနေကြောင်း The Daily Star သတင်းစာတွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဒသမ ၂ သန်း ရှိလာခဲ့ပြီး ကြီးမားသည့် မူးယစ်ဆေးဝါးပြဿနာနှင့်ရင်ဆိုင်နေရကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းမရှိသဖြင့် အများစုကို ပြည်ပမှ မှောင်ခိုတင်သွင်းနေရသည်။

ဘင်္ဂလားဒေ့ရှ် မှောင်ခိုသမားများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများထံ ဆောက်လုပ်ရေး ပစ္စည်းများ၊ စက်သုံးဆီနှင့် အစားအသောက်များကို အချိန်ကြာမြင့်စွာ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ တရားမဝင် ကုန်သွယ်ရေးတွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများအတွက် အဖိုးအခပေးချေရာတွင် ငွေသားတစ်မျိုးတည်းကိုသာ အသုံးပြုခြင်းမဟုတ်ဘဲ မူးယစ်ဆေးဝါးများဖြင့်ပါ ပေးချေလာကြောင်း The Daily Star သတင်းစာက ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်၏ နယ်မြေအချို့ကို ထိန်းချုပ်ထားသည့် AA အပါအဝင် မြန်မာလက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်မှ မှောင်ခိုတင်သွင်းလာသည့် ကုန်ပစ္စည်းများအတွက် ယာဘနှင့် crystal meth မူးယစ်ဆေးဝါးများဖြင့် ပိုမိုပေးချေလာခဲ့ကြောင်း မူးယစ်ဆေးဝါး သယ်ဆောင်သည့် ကွန်ရက်ကို သိရှိနားလည်သည့် တာဝန်ရှိသူများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဆိုပါ တရားမဝင် ဖလှယ်မှုများကို ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ရေလမ်းကြောင်းများတွင် ပြုလုပ်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ကုန်ပစ္စည်းများကို ငါးဖမ်းသင်္ဘောများဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကာ မူးယစ်ဆေးဝါးများကို ပြန်လည်ယူဆောင်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် မှောင်ခိုသမားများသည် ဘင်္ဂလားဒေ့ရှ်မှ ကုန်ပစ္စည်းများ မထွက်ခွာမီ ငွေပေးချေမှု၏ ၅၀ ရာခိုင်နှုန်းကို တရားမဝင် ငွေလွှဲစနစ်ဖြစ်သည့် hundi စနစ်ဖြင့် လက်ခံရရှိကြသည်။

ကျန် ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ ဆိပ်ခံတံတားမှ မူးယစ်ဆေးဝါးများသယ်ဆောင်ထားသည့် သင်္ဘောများ ထွက်ခွာပြီးနောက် ပေးချေပြီး ကျန်ရှိသော ပမာဏကိုမူ ပင်လယ်ပြင်တွင် ကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ လွှဲပြောင်းချိန်အတွင်း အပြီးသတ် ပေးချေခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်း လိုအပ်ချက်များရှိနေသောကြောင့် မြန်မာဘက်ခြမ်းမှ မှောင်ခိုသမားများသည် ဘိလပ်မြေ၊ ပဲအမျိုးမျိုးနှင့် ဂျင်း ကဲ့သို့ ဘင်္ဂလားဒေ့ရှ် ကုန်ပစ္စည်းများကို ပိုပြီးအလိုရှိနေသည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး သယ်ဆောင်သည့် လမ်းကြောင်းတစ်ခုမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ဆိပ်ခံတံတားတစ်ခုမှ စတင်ခြင်းဖြစ်ပြီး ထိုနေရာတွင် မူးယစ်ဆေးဝါးများကို ထုပ်ပိုးကာ ငါးဖမ်းသင်္ဘောများပေါ်သို့ တင်ဆောင်ပြီး ဘင်္ဂလားပင်လယ်အော် အတွင်းသို့ သယ်ဆောင်သွားကြခြင်းဖြစ်သည်။

အခြားလမ်းကြောင်းတစ်ခုမှာ ရန်ကုန်မှစတင်ပြီး မင်းပြား၊ အမ်း၊ စစ်တွေအနီးဝန်းကျင်ဒေသများ၊ ရသေ့တောင်နှင့် မောင်တောတို့ကို ဖြတ်သန်းကာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဒေသများသို့ ရောက်ရှိသည်။

"မြန်မာဘက်ခြမ်းက သယ်ယူသူတွေဟာ ပင်လယ်ပြင်မှာ ကုန်ပစ္စည်း မလွှဲပြောင်းခင် ဘင်္ဂလားဒေ့ရှ်ဘက်က လက်ခံမယ့်သူတွေကို ဆက်သွယ်ဖို့ ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာတွေကို အသုံးပြုကြတယ်လို့ သိရပါတယ်" ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

မြန်မာလက်နက်ကိုင် အဖွဲ့အစည်းများသည် ယာဘ မူးယစ်ဆေးဝါးကို ငွေပေးချေမှုစနစ်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ကော့ဘဇားရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဦးစီးဌာန (DNC) မှ ဒုတိယညွှန်ကြားရေးမှူး ဆိုမန် မွန်ဒေါ (Somen Mondol) က အတည်ပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေ့စဉ်သုံး ကုန်ပစ္စည်းများကို မြန်မာသို့ မှောင်ခိုတင်ပို့နေပြီး မြန်မာဘက်မှ ယာဘမူးယစ်ဆေးဝါးများ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ဖြစ်စဉ် အတော်များများမှာ ငါးဖမ်းသင်္ဘောတွေဟာ ကုန်ပစ္စည်းတွေကို တင်ဆောင်ပြီး နယ်စပ်ကို ဖြတ်ကျော်သွားကြပါတယ်။ ပြန်လာတဲ့အခါမှာတော့ အဲဒီသင်္ဘောတွေနဲ့ပဲ ယာဘ မူးယစ်ဆေးဝါးတွေကို ပြန်လည်ယူဆောင်လာကြတာ ဖြစ်ပါတယ်" ဟု ၎င်းက The Daily Star သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါ ကုန်သွယ်ရေး၏ နောက်ကွယ်တွင် ဒေသတွင်း အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) အသိုင်းအဝိုင်းမှ အချို့ သူများ ပါဝင်ပတ်သက်နေကြောင်း ဆိုမန်က ပြောကြားခဲ့သည်။

Ref: The Daily Star

မူရင်းသတင်း — Eleven Media Group