Eleven Media Group

နိုင်ဂျီးရီးယားအစိုးရက ပြန်ပေးဆွဲခံရသူ ၃၀၀ ကျော်ကို ကယ်တင်

နိုင်ဂျီးရီးယား အစိုးရသည် ယခုနှစ် အစောပိုင်းတွင် နိုင်ငံအနောက်ပိုင်းရှိ ကျေးရွာတစ်ရွာတည်းမှ ပြန်ပေးဆွဲခံခဲ့ရသူ ၁၆၃ ဦး အပါအဝင် ပြန်ပေးဆွဲခံရသူ အဓမ္မထိန်းသိမ်းခံရသူ ၃၀၀ ကျော်ကို ဩဂုတ် ၅ ရက်တွင် ကယ်တင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ရာဇဝတ်ဂိုဏ်းများ၊ ဂျီဟတ်ဝါဒီများ နှင့် ဓားပြများ ဟု လူသိများသော ဒုစရိုက်ဂိုဏ်းများ၏ ငွေတောင်းရန် ပြန်ပေးဆွဲမှုများသည် နိုင်ဂျီးရီးယားနိုင်ငံတွင် အထူးသဖြင့် နိုင်ငံ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ အစိုးရ ထိန်းချုပ်မှု နည်းပါးသော ဒေသများ၌ ကြီးမားသော အကျပ်အတည်းတစ်ခု ဖြစ်လာခဲ့သည်။

ဇေဖော်ဝါရီလက ဂျီဟတ်ဝါဒီများဟု သံသယရှိသူများသည် ဘီနင်နိုင်ငံ နယ်စပ်အနီး ကွာရာ ပြည်နယ်ရှိ ဝိုရိုကျေးရွာကို တိုက်ခိုက်ခဲ့ပြီး လူ ၁၅၀ ကျော်ကို သတ်ဖြတ်ကာ နောက်ထပ် လူ ၁၀၀ ကျော်ကိုပင် ပြန်ပေးဆွဲသွားခဲ့ကြသည်။

"သမ္မတ ဘိုလာ အာမက် တီနူဘူ က နိုင်ဂျာ နဲ့ ကွာရာ ပြည်နယ်တွေမှာ မတူညီတဲ့ တိုက်ခိုက်မှုတွေအတွင်း ပြန်ပေးဆွဲခံခဲ့ရတဲ့ နိုင်ဂျီးရီးယား နိုင်ငံသား ၃၀၈ ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့မှုကို လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ကြေညာခဲ့ပါတယ်" ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဘာယို အိုနာနူဂါ က ပြောကြားခဲ့သည်။

၎င်းတို့အနက် ၁၆၃ ဦးမှာ ဝိုရိုရွာမှဖြစ်ပြီး ၁၄၅ ဦးမှာ နိုဂျာပြည်နယ်မှ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group