Eleven Media Group

WHO အကြီးအကဲက အီဘိုလာရောဂါကူးစက်မှု အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည့် ဒီအာကွန်ဂိုနိုင်ငံသို့ သွားရောက်ကြည့်ရှု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုစ် အာဒါနွန် ဂေဘရီယေဆုသည် အီဘိုလာရောဂါ ကူးစက်မှု အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည့် ဒီအာကွန်ဂိုနိုင်ငံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း အီဘိုလာရောဂါတုံ့ပြန်ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ပိုမိုကာကွယ်ပေးရန် ဩဂုတ် ၅ ရက်တွင် တိုက်တွန်းခဲ့သည်။

ဒီအာကွန်ဂိုနိုင်ငံသည် ၎င်း၏ ၁၇ ကြိမ်မြောက် အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကို မေလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။

WHO မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဒီအာကွန်ဂိုနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှုကြောင့် အတည်ပြုလူနာ ၃၈၇၄ ဦး ရှိခဲ့ပြီး ၁၇၅၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

တက်ဒရိုစ်သည် ဩဂုတ် ၄ ရက်က ကင်ရှာဆာမြို့တော်သို့ ရောက်ရှိခဲ့ပြီး ဒီအာကွန်ဂို သမ္မတ ဖိလစ် ရှီဆေကီဒီနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှု တိုးမြှင့်နိုင်တာထက် ရောဂါကူးစက်ပြန့်ပွားမှုက ပိုမိုမြန်ဆန်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတင် ရောဂါပြင်းထန်တဲ့ အချို့ဒေသတွေမှာ လူနာအသစ် အရေအတွက်ဟာ နှစ်ဆအထိ တိုးလာခဲ့ပါတယ်" ဟု တက်ဒရိုစ်က တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီးနောက် X လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်အဟုန်မြှင့်ပြီး အရေးပေါ် တိုးမြှင့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မလုံခြုံမှုတွေ၊ စစ်ဘေးရှောင်တွေ ရှိနေတဲ့ကြားက ရောဂါကူးစက်ခံထားရသူတွေဆီ​ ရောက်ရှိ အောင် ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ် တဲ့ ကာကွယ်မှု၊ သင်တန်းတွေနဲ့ ပံ့ပို့မှုတွေ သေချာရရှိစေရေး၊ ရောါစောင့်ကြည့်ရေး၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘေးကင်းပြီး သိက္ခာရှိရှိ​ သင်္ဂြိုဟ်မှုများ ပြုလုပ်နိုင်ရေးတွေကို အရှိန်မြှင့်ဆောင်ရွက် ရမှာဖြစ်ပါတယ်" ဟု တက်ဒရိုစ်က ရေးသားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group