
နေပြည်တော်၊ ဩဂုတ် ၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ထိုင်းနိုင်ငံခရီးစဉ်တွင်လိုက်ပါလာသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယမန်နေ့က ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ခေတ္တတည်းခိုသည့် ဟိုတယ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး တက်ရောက်ပြီး ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ မကြာခင်ရေးထိုးသွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ အားကောင်းသော သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကွန်ရက်စနစ် ပိုမိုကြံ့ခိုင်ကောင်းမွန်စေရေးနှင့် တိုးချဲ့တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#သတင်းလွှာ