
မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လိုက်ပါလာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဩဂုတ် (၆)ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ စီမံကိန်း များတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်စနစ် တိုးချဲ့ခိုင်မာရေး တို့ကို နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများ က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အလားအလာကောင်းမွန်သော သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးရေး ကွန်ရက်စနစ် ပိုမိုကြံ့ခိုင်ကောင်းမွန်လာစေရေးနှင့် တိုးချဲ့တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းအသိ ပေးခဲ့ကြောင်းလည်း သိရသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နှင့်အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။