Eleven Media Group

မုတ်သုံမိုးရွာသွန်းမှုများကြောင့် မြောက်ကိုရီးယားဘက်မှ ရေဖြင့်မျောပါလာသည်ဟုယူဆရသည့် မြေမြှုပ်မိုင်း ၁၅ လုံးကို  ကမ်းရိုးတန်းဒေသများတွင် သိမ်းဆည်းရမိခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင်များ ပြောကြား

မုတ်သုံမိုးရွာသွန်းမှုများကြောင့် မြောက်ကိုရီးယားဘက်မှ ရေဖြင့်မျောပါလာသည်ဟု ယူဆရသည့် မြေမြှုပ်မိုင်း ၁၅ လုံးကို တောင်ကိုရီးယား၏ ကမ်းရိုးတန်းဒေသများတွင် သိမ်းဆည်းရမိခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲ ပြီးဆုံးခဲ့ချိန်ကတည်းက ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်သည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း အများဆုံး ထောင်ထားသည့် နေရာများအနက် တစ်ခုဖြစ်သည်။

ယွန်ဟပ်သတင်းဌာနက ကိုးကားဖော်ပြခဲ့သည့် စစ်ဘက်ဆိုင်ရာ အချက်အလက်များအရ အဆိုပါ စစ်မဲ့ဇုန်၏ အနီးပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်းပေါင်း ၈၀၀၀၀၀ ခန့် မြှုပ်နှံထားကြောင်း ခန့်မှန်းရပြီး အများစုမှာ စစ်ပွဲကာလအတွင်းက ဖြစ်သော်လည်း မကြာမီနှစ်များအတွင်းကလည်း မိုင်းထောင်မှုများ ဆက်ရှိနေခဲ့သည်ဟု ဆိုသည်။

"မြောက်ကိုရီးယား မြေမြှုပ်မိုင်းလို့ သံသယရှိတဲ့ မိုင်း ၁၅ လုံးကို ကမ်းရိုးတန်း ဒေသတွေတစ်လျှောက် တွေ့ရှိခဲ့ပါတယ်။ မုတ်သုံရာသီနဲ့ မကြာသေးခင်က မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေနဲ့ မျောပါလာတာလို့ ယူဆရတဲ့ အဲဒီမိုင်းတွေကို ဇူလိုင် ၂၃ ရက်နဲ့ ဩဂုတ် ၃ ရက်ကြား တွေ့ရှိခဲ့တာပါ" ဟု တောင်ကိုရီးယားနိုင်ငံ အနောက်မြောက်ဘက် နယ်စပ်ဒေသဖြစ်သော ဂွမ်ဟွာကျွန်း၏ အရပ်ဘက် ကာကွယ်ရေးမှူး ချွဲယောင်ရန်က ပြောကြားခဲ့သည်။

ဂွမ်ဟွာကျွန်းသည် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံကြား စီးဆင်းနေသည့် ဟန်မြစ်ဝတွင် တည်ရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ နယ်စပ်ဖြတ်ကျော်ပြီး မြစ်များအတွင်းသို့ မျောပါလာနိုင်ပြီး မြစ်အောက်ပိုင်းတွင် ပေါက်ကွဲပါက ကြီးမားသော ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်စေနိုင်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြီးခဲ့သည့်လတွင် သတိပေးခဲ့သည်။

၂၀၁၅ ခုနှစ်က အနောက်ဘက် စစ်မဲ့ဇုန်ကို ကင်းလှည့်နေသည့် တောင်ကိုရီးယား စစ်သား နှစ်ဦးသည် မြောက်ကိုရီးယား မိုင်းတစ်လုံးကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခြေလက်များ ဆုံးရှုံးခဲ့ရကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

ဇူလိုင်လကုန်ပိုင်းတွင် ဂွမ်ဟွာမြို့သည် ကမ်းရိုးတန်း ဒေသများတစ်လျှောက် မြောက်ကိုရီးယား မိုင်းများ၏ အန္တရာယ်ရှိကြောင်း ဒေသခံများထံ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

မြို့နယ် တာဝန်ရှိသူများက နောက်ထပ် မိုင်းများ မျောပါလာနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားထားဆဲဖြစ်ကြောင်း ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် အခြေခံအဆောက်အအုံ အားနည်းမှုကြောင့် သဘာဝဘေးအန္တရာယ်များ၏ ရိုက်ခတ်မှုကို ပိုမို ပြင်းထန်စွာ ခံစားရလေ့ရှိသည်။ သစ်တောပြုန်းတီးမှုများကလည်း မြောက်ကိုရီးယားနိုင်ငံကို ရေကြီးရေလျှံမှု အန္တရာယ် ပိုမို ကျရောက်လွယ်စေခဲ့သည်။

ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကာတာတစ်ခုကျိုးပေါက်ခဲ့ပြီး မြောက်ကိုရီးယား နယ်စပ်ရှိ အဓိက စစ်စခန်းတစ်ခုတွင် ရာနှင့်ချီသည့် အိမ်များ ရေဖြင့်မျှောပါသွားခဲ့ကြောင်း်NK News သတင်းဝက်ဘ်ဆိုက်က ဩဂုတ် ၆ ရက်တွင် ဖော်ပြခဲ့သည်။

Ref:AFP

Photos- AFP/AP/Yonhap

မူရင်းသတင်း — Eleven Media Group