
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် က ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့(သြဂုတ် ၇ ရက်)မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ရှိ ဒွန်မောင်လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ဦးဆောင်သည့် တာဝန်ရှိသူများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော် ဇော်စိုးနှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့ခြင်း ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် တို့ သီးသန့်တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။