Eleven Media Group

အင်ဒိုနီးရှား၏ဆူမာတြားကျွန်းတွင် လူများကို တိုက်ခိုက်သည့် မျောက်များအား ထောင်ချောက်ဆင်၍ ဖမ်းဆီး

မျောက်များကို ထောင်ချောက်ဆင်ဖမ်း သူများက မျောက်များကို နှစ်ပတ်ကြာ ထောင် ချောက်ဆင်ဖမ်းဆီးမှုအား ရပ်တော့မည်ဟု သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ဆူမာတြားကျွန်း ပေါ်တွင် လူ ၁၈ ဦးကို မျောက်များက အလျဉ်း သင့်သလို တိုက်ခိုက်နေသဖြင့် စာသင် ကျောင်းများကို ပိတ်ထားခဲ့ရသည်။

အမြီးရှည် အရွယ်ရောက် မျောက်များ သည် တမ်ဘီလာဟန်မြို့ခံများကို ကိုက်ခြင်း၊ ကုတ်ဖဲ့ခြင်းတို့ကြောင့် ၁၈ ဦး ဒဏ်ရာရခဲ့ သည်။ တိုက်ခိုက်ခံရသူအများစုမှာ တစ်ဦး တည်းရှိ နေချိန်တွင် မျောက်များ၏တိုက်ခိုက် ခြင်းကို ခံရခြင်းဖြစ်သည်။တိုက်ခိုက်ခံရသူများထဲတွင် ကလေးများ နှင့် အသက်ကြီးသူများ ပါဝင်သည်။

“ဒီနေ့အထိ တိုက်ခိုက်မှု ၁၉ ကြိမ်ရှိခဲ့ ပါတယ်။ လူ ၁၈ ဦးတိုက်ခိုက်ခံရတာပါ။ တစ် ဦးကတော့ နှစ်ကြိမ် တိုက်ခိုက်ခံရပါတယ်” ဟု တမ်ဘီလာဟန် မီးသတ်နှင့်ကယ်ဆယ် ရေးဌာန အကြီးအကဲ ဂျူနိုင်ဒီအစ္စမေးလ်က သြဂုတ် ၇ ရက်တွင် AFP ကို ပြောကြားခဲ့သည်။

အချို့မှာ ဒဏ်ရာကို အချက်ပေါင်းတစ် ဒါဇင်ကျော်ချုပ်ခဲ့ကြရပြီး ခွေးရူးပြန်ကာကွယ် ဆေးများ ထိုးခဲ့ကြရသည်။

သြဂုတ် ၆ ရက်တွင် မျောက်တစ်ကောင် ကို ဖမ်းမိထားသည့် ဗီဒီယိုအား ကယ်ဆယ် ရေးဌာနက သြဂုတ် ၇ ရက်တွင် ထုတ်ပြန်ပေး ခဲ့ရာ မျောက်သည် အသက်ရှင်နေပြီး လှောင်အိမ်ထဲတွင် ကြောက်နေသည်။

မျောက်တို့သည် အုပ်စုဖွဲ့လှုပ်ရှားတတ် သောကြောင့် မြို့ခံများ သတိထားကြရန် မြို့၏တာဝန်ရှိသူတစ်ဦးက တိုက်တွန်းထားသည်။

အခြားသော မျောက်များကပါ လူများကို တိုက်ခိုက်မည်ကို စိုးရိမ်ကြောင်း သူက ပြောကြားခဲ့သည်။

သြဂုတ် ၇ ရက်တွင် ကျောင်း ၄၀ ကို ပိတ်ထားသည်ဟု သိရသည်။ ကျောင်းသား ကျောင်းသူများကို အွန်လိုင်းမှ သုံးရက် သင်ကြားပေးနေပြီး ဘေးကင်းပြီဟု ယူဆရ ပါက ကျောင်းများကို သြဂုတ် ၁၀ ရက်တွင် ပြန်ဖွင့် မည်ဟု ဒေသတွင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Ref; AFP

မူရင်းသတင်း — Eleven Media Group