
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)တွင် လတ်တလော ပြင်းထန်စွာ ဖြစ်ပွားနေသော အီဘိုလာ ရောဂါကူးစက်မှုကို တုံ့ပြန်ရန်အတွက် ယခင် အီဘိုလာ ဗိုင်းရပ်စ်မျိုးစိတ်ဖြစ်သည့် ဇိုင်ယာမျိုးကွဲအတွက် ထုတ်လုပ်ထားသော ကာကွယ်ဆေးကို စတင်အသုံးပြုသွားမည်ဟု ဩဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်။
ဒီအာကွန်ဂိုအာဏာပိုင်များက မေလ ၁၅ ရက်တွင် အီဘိုလာရောဂါကူးစက်ဖြစ်ပွားနေကြောင်း တရားဝင်ကြေညာခဲ့ပြီး လက်ရှိတွင် အတည်ပြုလူနာ ၄၀၀၀ နီးပါးအနက် လူ ၁၈၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ်၏ ဘွန်ဒီဘူဂျိုမျိုးကွဲသည် သယံဇာတ ကြွယ်ဝပြီး ပဋိပက္ခများ ဖြစ်ပွားနေသော ယင်းနိုင်ငံကြီး၏ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၅ ခုသို့ ကူးစက်ပျံ့နှံ့ခဲ့သဖြင့် သိပ္ပံပညာရှင်များသည် မျိုးကွဲသစ်အတွက် ကာကွယ်ဆေး ရရှိနိုင်ရန် အလျင်အမြန် ဆောင်ရွက်နေကြရသည်။
အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Africa CDC) က သိရှိထားသော ဗိုင်းရပ်စ် မျိုးစိတ်များအနက် အန္တရာယ်အရှိဆုံးဖြစ်သည့် ဇိုင်ယာအီဘိုလာ မျိုးစိတ်အတွက် ထုတ်လုပ်ထားသော ကာကွယ်ဆေးကို ထိုးနှံပေးမည်ဟု ပြောကြားခဲ့သည်။
အာဖရိက CDC ၏ ညွှန်ကြားရေးမှူးချုပ် ယန်းကာဆီယာက ဇိုင်ယာ မျိုးစိတ် ကာကွယ်ဆေး ထိုးနှံထားသူများတွင် အချို့သော ရောဂါလက္ခဏာများ ကြုံတွေ့ရသော်လည်း ကာကွယ်ဆေး ထိုးထားသူတွေထဲမှာ သေဆုံးသူ လုံးဝမတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
"ဒါဟာ အတိုင်းအတာတစ်ခုအထိ ကာကွယ်မှု ရှိနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်" ဟု ၎င်းက အွန်လိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပြီး အဆိုပါ ကာကွယ်ဆေးကို အရှေ့ပိုင်း ပြည်နယ်များဖြစ်သည့် အီတူရီ နှင့် မြောက်ကီဗူးတို့ရှိ ဒေသခံများအားလုံးကို ထိုးနှံပေးသွားမည်ဟု ဆိုသည်။
သို့သော် ကာကွယ်ဆေး မည်မျှ အရေအတွက် ရရှိနိုင်သည်ဆိုသည်ကိုမူ တိကျစွာ ဖော်ပြခဲ့ခြင်း မရှိပေ။
ထို့ပြင် အီဘိုလာ ရောဂါကင်းစင်သွားပြီဟု မကြာသေးမီက ကြေညာခဲ့သည့် ယူဂန်ဒါ အာဏာပိုင်များ၏ အောင်မြင်မှုကို ကိုးကား၍ remdesivir ဆေးဝါး အသုံးပြုမှုကိုလည်း တိုးမြှင့်သွားမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
"ယူဂန်ဒါမှာ သေဆုံးမှုနှုန်း ၁၀ ရာခိုင်နှုန်းပဲ ရှိတာဟာ သူတို့အနေနဲ့ remdesivir ကို အသုံးပြုခဲ့ကြလို့ အများဆုံး ဖြစ်ပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။
ယူဂန်ဒါနိုင်ငံသည် နောက်ဆုံး ကျန်ရှိသော လူနာမှာ ဆေးရုံမှ ပြန်လည်ကျန်းမာလာပြီးဆင်းသွားခဲ့ပြီးနောက် ဇူလိုင်လလယ်တွင် အီဘိုလာ အဓိက ကူးစက်လူနာ မရှိတော့ကြောင်း ကြေညာခဲ့သည်။
ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလူနာ ၂၀ ဦး ရှိခဲ့ပြီး ၂ ဦး သေဆုံးကာ ကျန်လူနာများအားလုံး ပြန်လည်ကျန်းမာလာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Ref:AFP
Photo:AFP