
မန္တလေးတိုင်းဒေသကြီးအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ယစ်မျိုးလိုင်စင် အမျိုးအစား ၂၅ မျိုး၊ ယစ်မျိုးလိုင်စင် အရေအတွက် ၅၉၅၆ ခုအား ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၇ရက်ကပြုလုပ်ခဲ့သော မန္တလေးတိုင်းလွှတ်တော် တတိယပုံမှန်းအစည်းအဝေးတွင်အောင်မြေသာစံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးကျော်ဆန်းမှ" မန္တလေးတိုင်းဒေသကြီး ယမကာခွန် ကောက်ခံရေး ဥပဒေအား ခေတ်ကာလနှင့် လျော်ညီစွာ အခွန်နှုန်းထားများ အပါအဝင် ပြင်ဆင်ဖြည့်စွက် ရေးဆွဲရန်နှင့် နည်းဥပဒေ ရေးဆွဲထားခြင်း ရှိ/မရှိ၊ လိုင်စင်အမျိုးအစားနှင့် မကိုက်ညီဘဲ ရောင်းချနေမှုများကို လိုက်လံစစ်ဆေး အရေးယူဆောင်ရွက်ခြင်းနှင့် စည်းကမ်းတကျ ဖြစ်စေရန် စီမံဆောင်ရွက်မည့် အစီအမံ ရှိ/မရှိ၊လိုင်စင်တစ်ခုတည်းဖြင့် ဆိုင် ၂ ဆိုင်၊ ၃ ဆိုင် ခွဲ၍ ရောင်းချခွင့် ရှိ/မရှိနှင့် ထိုသို့ ရောင်းချနေသော ဆိုင်များကို အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိကုန်စုံဆိုင်၊ စတိုးဆိုင်နှင့် အချိုရည်ရောင်းဆိုင်များတွင် လိုင်စင်မရှိဘဲ အရက်၊ ဘီယာ ရောင်းချနေပါက မည်သို့ အရေးယူ ဆောင်ရွက်မည်နည်း၊ပိတ်ပင်ထားသော အရက်၊ဘီယာများ - တင်သွင်းခွင့် မရှိသည့် ပိတ်ပင်ထားသော အရက်၊ဘီယာ အမျိုးအစားများ ရှိ၊မရှိနှင့် ရှိပါက ထိုအရက်၊ဘီယာများအား ရောင်းချနေသည့် ဆိုင်များကို မည်သို့ အရေးယူထားသနည်း၊ဟိုတယ်၊ မိုတယ်နှင့် စားသောက်ဆိုင်များ - စားသောက်ဆိုင်၊ ဘီယာဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် ရောင်းချနေမှုများသည် သက်ဆိုင်ရာ ယမကာလိုင်စင် ရှိ/မရှိ မှန်မှန်ကန်ကန် စစ်ဆေးကျပ်မတ်ပြီး မရှိပါက မည်သို့ အရေးယူမည်နည်း၊ ယမကာလိုင်စင် အမျိုးအစားအလိုက် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ထုတ်ပေးထားသော အရေအတွက်နှင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ထုတ်ပေးထားသော အရေအတွက်တို့ကို သိရှိလိုကြောင်း" မေးမြန်းခဲ့သည်။
မေးခွန်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက" မန္တလေးတိုင်းဒေသကြီး ယစ်မျိုးခွန်ကောက်ခံရေးဥပဒေအား ၁၅ ရက် ၃ လ ၂၀၁၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး၊ ယင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၈ ရက် ၂ လ ၂၀၁၉ ရက်တွင် ပြဋ္ဌာန်းခဲ့ကြောင်း ၎င်းဥပဒေပါ ယစ်မျိုးခွန် နှုန်းထားများအတိုင်း ကောက်ခံလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မတိုင်မီ ယစ်မျိုးခွန်ကျပ် ၉၂၉၆.၇၈၃ သန်း ကောက်ခံရရှိခဲ့ကြောင်း၊ယစ်မျိုးခွန်ဥပဒေကို ခေတ်ကာလနှင့် လျှော်ညီသည့်ဥပဒေ ဖြစ်စေရန် ၇ ရက် ၃ လ ၂၀၂၆ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၁၃/၂၀၂၆ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအာဏာတည်ပြီးပါက အဆိုပါဥပဒေနှင့် ဖြစ်ပေါ်လာမည့် နည်းဥပဒေများအရ တိုင်းဒေသကြီး ယစ်မျိုးခွန်ကောက်ခံရေးဥပဒေ ထပ်မံပြဋ္ဌာန်းရန် လိုအပ်ပါက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ယစ်မျိုးခွန်န်လုပ်ငန်းများ မရှိစေရေး၊ ခွင့်ပြုထားသည့် တည်နေရာမှအပ အခြားနေရာတွင် လုပ်ကိုင်မှုမရှိစေရေး၊ လုပ်ငန်းနှင့် ယစ်မျိုးခွန်လိုင်စင် အမျိုးအစား ကိုက်ညီမှုရှိစေရေးအတွက် ယစ်မျိုးဆိုင်များ စိစစ်စကြီးကြပ်ရေးအဖွဲ့ ဖွဲ့ကာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ယစ်မျိုးလိုင်စင်များအား နှစ်အလိုက် ချထားပေးမှု နှိုင်းယှဉ်ချက်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၅၉၃၈ ခု ချထားပေးခဲ့ပြီး၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၅၉၅၆ ခု ချထားပေးခဲ့ပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီးအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ယစ်မျိုးလိုင်စင် အမျိုးအစား ၂၅ မျိုး၊ ယစ်မျိုးလိုင်စင် အရေအတွက် ၅၉၅၆ ခုအား ခွင့်ပြုချထားပေးခဲ့ပြီး ခွင့်ပြုထားသည့် ယစ်မျိုးခွန်လိုင်စင် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်စေရေး၊ ခွင့်ပြုတည်နေရာမှအပ အခြားနေရာတွင် လုပ်ကိုင်ဆောင်ရွက်မှု မရှိစေရေး၊ ခွင့်ပြုယစ်မျိုးလိုင်စင်နှင့် လုပ်ငန်း ကိုက်ညီစေရေး၊ ယစ်မျိုးလိုင်စင်ကို မိတ္တူပွား ဆောင်ရွက်မှုမရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ ယစ်မျိုးလုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေးတို့အတွက် ယစ်မျိုးဆိုင်များ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ (Task Force) ကို ဖွဲ့စည်းစစ်ဆေး၍ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း " ပြန်လည်ဖြေကြားခဲ့သည်။