
ဆည်တော်ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုများပြားသည့်အတွက် ရေထိန်းညှိလျှော့ချရာမှ ကျေးရွာအချို့ ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုများပြားလာသည့်အတွက် ရေထိန်းညှိလျှော့ချခြင်းများပြုလုပ်ခဲ့သည့်အတွက် ချောင်းမကြီးအနီးရှိ ကျေးရွာများ ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ်ကားလမ်း တံငါတောင်ကျေးရွာအနီးမိုင်တိုင်အမှတ် ၂၅/၁နှင့် ၅ ကြားတွင် ဩဂုတ် ၇ ရက် နံနက် ၆နာရီမှစ၍ သုံးပေခန့်ရေကျော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်နေမှုအခြေအနေများကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်၊ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈နာရီခွဲမှ စတင်၍ ခရီးသွားကားများအဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေး၊ လမ်းချော်မှုမဖြစ်ပွားစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ နေအိမ်အတွင်းနှင့် အုတ်စက်ရုံများတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ပေဖြစ်ပြီး ဩဂုတ် ၇ ရက် နံနက် တိုင်းတာချက်မှာ ၄၁၇ ဒသမ ၈ ပေသို့ရောက်ရှိနေပြီး ရေတံခါးငါးပေါက်အား နှစ်ပေစီနှင့် ရေတံခါး နှစ်ပေါက်အား တစ်ပေစီ ထိန်းညှိလွှတ်ထားကြောင်း သိရသည်။