Eleven Media Group

■ ပင်တဂွန်က သြစတြေးလျ မြေရှားသတ္တုတွင်း၌ ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံမည်

ပင်တဂွန်အနေဖြင့် သြစတြေးလျ မြေရှားသတ္တုတွင်း၌ အမေရိကုန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

အမေရိကန်က ဒေါ်လာသန်း ၄၀၀ ထောက်ပံ့ကူညီရန် ကတိပြုလိုက်ပြီးနောက် သြစတြေးလျနိုင်ငံ၏ ခေါင်သောမြို့ငယ်လေးတစ်မြို့သည် အနောက်နိုင်ငံများ၏ ကာကွယ်ရေးလုပ်ငန်းများ၊ လေယာဉ်များနှင့် ဒေတာစင်တာများအတွက် မရှိမဖြစ်လိုအပ်သည့် မြေရှားသတ္တု "စကန်ဒီယမ်" (Scandium) ထောက်ပံ့မှု၏ အဓိက "မဏ္ဍိုင်" ဖြစ်လာတော့မည်ဟု သတ္တုတူးဖော်ရေးကုမ္ပဏီ Sunrise Energy Metals က ဩဂုတ် ၈ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

ဝါရှင်တန်ဒီစီ၌ သမ္မတ ဒေါ်နယ်ထရန့်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များ တွေ့ဆုံရာတွင် ပင်တဂွန်က တရုတ်နိုင်ငံမှ အဓိကစိုးမိုးထားသည့် စကန်ဒီယမ် ထုတ်လုပ်ဖြန့်ဖြူးမှုကို တုံ့ပြန်ရန်အတွက် Sunrise ကုမ္ပဏီ၏ ကမ္ဘာ့ပထမဆုံး ပင်မစကန်ဒီယမ်သတ္တုတွင်း တည်ဆောက်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးမည့် (conditionional loan) ဒေါ်လာ သန်း ၄၀၀ ရှိ ချေးငွေ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပုံမှန်အားဖြင့် စကန်ဒီယမ်ကို အခြားသတ္တုတူးဖော်ရေးလုပ်ငန်းများ၏ ဘေးထွက်ပစ္စည်းအဖြစ်သာ ထုတ်ယူရရှိလေ့ရှိသည်။

"နယူးဆောက်ဝေးလ်ပြည်နယ်၊ ဖိဖီးလ်မြို့မှာ တည်ဆောက်မယ့် ဒီသတ္တုတွင်းကို အနောက်နိုင်ငံတွေရဲ့ စကန်ဒီယမ် ထောက်ပံ့မှု အဓိကမဏ္ဍိုင်ဖြစ်လာအောင် လုပ်ဆောင်သွားမှာပါ" ဟု Sunrise ကုမ္ပဏီဥက္ကဋ္ဌ ရောဘတ် ဖရီးဒ်လန်းဒ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဖိဖီးလ်မြို့သည် ဆစ်ဒနီမြို့၏ အနောက်ဘက် ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) ခန့်အကွာတွင် တည်ရှိသည်။

နယူးဆောက်ဝေးလ်ပြည်နယ်သည် ကမ္ဘာပေါ်တွင် စကန်ဒီယမ်သတ္တု သိပ်သည်းဆအမြင့်ဆုံး ရရှိနိုင်သည့် ဒေသများအနက် တစ်ခုဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောကြားထားသည်။

လွန်ခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံက ကာကွယ်ရေးဆိုင်ရာ ထုတ်ကုန်များတွင် အသုံးပြုသည့် စကန်ဒီယမ် တင်ပို့မှုကို ကန့်သတ်လိုက်ပြီးနောက် အမေရိကန်က ကုန်ကြမ်းရရှိနိုင်မည့် အရင်းအမြစ်သစ်များကို ရှာဖွေခဲ့သည်။

ယခု စကန်ဒီယမ် စီမံကိန်းသည် "သတ္တုတွင်းတူးဖော်မှုမှသည် ကုန်ချောအထိ အနောက်အုပ်စုနိုင်ငံများကို ဆောင်ရွက်စေနိုင်မည်" ဟု ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: AFP
Photos: AFP

မူရင်းသတင်း — Eleven Media Group