
ဩဂုတ် ၇ ရက်က ဘန်ကောက်ဆင်ခြေဖုံးတွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၈ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရခဲ့သည့ ဖြစ်စဉ်အပြီး အဆိုပါကျောင်းသား၏ ဦးလေးဖြစ်သူက တူဖြစ်သူသည် အိမ်၌အနေများပြီး အကြမ်းဖက်မှုပါဝင်သည့် ဗီဒီယိုဂိမ်းများကို ကစားလေ့ရှိကာ အပြင်သို့ ထွက်လေ့မရှိကြောင်း ထိုင်းမီဒီယာများသို့ ထွက်ဆိုခဲ့သည်။
သို့သော် ယခုတိုက်ခိုက်မှုကို ကြိုတင်စီစဉ်နေသည်ဟု သံသယဖြစ်စရာ အရိပ်အယောင် မတွေ့ခဲ့ဟု ဦးလေးဖြစ်သူက ဆိုသည်။ အဆိုပါ ကျောင်းသားသည် မိဘများ ကွာရှင်းထားသည့်အတွက် အဘိုးအဘွားနှင့်အတူ နေထိုင်သူဖြစ်သည်။
၎င်းသည် အဘိုးနှင့်အဘွားကိုလည်း အိမ်၌ ပစ်သတ်ခဲ့ပြီးနောက် ၎င်းတက်ရောက်နေသည့် နွန်ထဘူရီပြည်နယ်ရှိ စာသင်ကျောင်းသို့ သွားရောက်ကာ ကျောင်းအတွင်း ဆရာ ဆရာမ ငါးဦးကို ပစ်သတ်ခဲ့ပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သည်။ ကျောင်းသားတစ်ဦးကလည်း ရရှိထားသည့် ဒဏ်ရာများကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ပစ်ခတ်မှုတွင် အသုံးပြုခဲ့သည့် သေနတ်နှင့် ကျည်ဆန်များက ကျောင်းသား၏ အဘိုးပိုင်ပစ္စည်းများဖြစ်သည်။ မှုခင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်အရလည်း ကျောင်းသားသည် သေနတ်ပစ်ခတ်ရာတွင် အတော်လေးတိကျသည်ကို တွေ့ရကာ ပစ်ခတ်မှုအတွင်း ခန္ဓာကိုယ်၏ အရေးကြီးအစိတ်အပိုင်းများကို ထိမှန်ခဲ့ကြောင်း တွေ့ရှိရသည်။
ထိုင်းဝန်ကြီးချုပ် အနူတင်က ယခုပစ်ခတ်မှုသည် ကြိုတင်ပြင်ဆင်ထားသည့် တိုက်ခိုက်မှုဖြစ်ပြီး ရည်ရွယ်ချက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သေနတ်ထိန်းချုပ်ရေး ဥပဒေသစ်များ ပြဋ္ဌာန်းသွားမည်ဟုလည်း ဝန်ကြီးချုပ်က ကတိပြုကာ တာဝန်ထမ်းဆောင်နေသည့် အစိုးရအရာရှိများကိုသာ သေနတ်ကိုင်ဆောင်ခွင့်ပြုသွားရန် ရည်ရွယ်ထားသည်။
ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့သည် အဆိုပါကျောင်းသား၏ အီလက်ထရွန်နစ် ပစ္စည်းများကို စစ်ဆေးခဲ့ရာ အမေရိကန်နိုင်ငံရှိ ကျောင်းတွင်းပစ်ခတ်မှုများနှင့် ပတ်သက်သည့် ဗီဒီယိုအများအပြားကို တွေ့ခဲ့ကြသည်။
Ref: BBC
Photo: Reuters / AFP