Eleven Media Group

■ MPT က ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံများအတွက် အခမဲ့ ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် စာတို (SMS) ဝန်ဆောင်မှုများ ပေးအပ်

MPT က ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံများအတွက် အခမဲ့ ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် စာတို (SMS) ဝန်ဆောင်မှုများ ပေးအပ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသများရှိ သုံးစွဲသူများအား အခမဲ့ဒေတာ (1GB)၊ MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၁၀၀ ပေးအပ်မည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို သြဂုတ် ၇ ရက်မှစ၍ ခုနစ်ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ငဝန်မြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိပြီး ဒေသတွင်းကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများကို အထောက်အကူပြုနိုင်ရန် ဂြိုဟ်တုဆက်သွယ်ရေးစက်ပစ္စည်း (Satellite Terminal) ကို ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် တစ်စုံနှင့် သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းတွင် တစ်စုံ တပ်ဆင်ထားရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွေ့လျားမိုဘိုင်းလ်စခန်း Cell on Wheel (COW) အား စာရေးကွင်းကျေးရွာတွင် တပ်ဆင်ထားပြီး MPT သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုမှုများနှင့် မိုဘိုင်းလ်အင်တာနက် အသုံးပြုမှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group