
တောင်တရုတ်ပင်လယ်၌ အငြင်းပွားနေသောစကားဘရော့အဏ္ဏဝါကျောက် တန်း (Scarborough Shoal) အနီး တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေပြီး တရုတ်က ၎င်း၏ နယ်မြေပိုင်ဆိုင်မှုလိုလား ချက်များကို ရှေ့တိုးလုပ်ဆောင်ရန် မယုံ ကြည်ရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆင်ခြေများကို အသုံးပြုနေသည်ဟု အမေရိကန်က ဩဂုတ် ၈ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။
စကားဘရော့ကျောက်တန်းသည် ဖိလစ်ပိုင်၏ လူဇွန်ကျွန်းမကြီးမှ ၂၄၀ ကီလိုမီတာ (၁၂၄ မိုင်) အကွာတွင် တည်ရှိပြီး တရုတ်ပြည်မကြီးနှင့် ကီလိုမီတာရာပေါင်းများစွာ ကွာဝေးသည့် ငါးသယံဇာတကြွယ်ဝသော သန္တာကျောက်တန်းတစ်ခု ဖြစ်သည်။
အငြင်းပွားသန္တာကျောက်တန်းကို တရုတ်နှင့် ဖိလစ်ပိုင် နှစ်ဘက်စလုံးက ပိုင်ဆိုင်သည်ဟု ကြေညာထားကြ သည်။
"စကားဘရော့အဏ္ဏဝါကျောက်တန်းမှာ ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားစေမယ့် အမျိုးသား သဘာဝထိန်းသိမ်းရေးနယ်မြေထူထောင်ဖို့ တရုတ်ရဲ့ ဆက်လက် ကြိုးပမ်းနေမှုတွေနဲ့ ဖိလစ်ပိုင် ရေလုပ်သားတွေသူတို့ရဲ့ အစဉ်အလာငါးဖမ်းနယ်မြေထဲဝင်ရောက်ခွင့် ပိတ်ပင်နေတာတွေကို အမေရိကန်ကပယ်ချပါတယ်" ဟုနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတော်မီ ပိဂေါ့တ်ကဆိုသည်။
"ဒါဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုး စီးပွားကို ထိခိုက်စေပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ကျယ်ပြန့်လှတဲ့ နယ်မြေနဲ့ ရေပြင်ပိုင်ဆိုင်ခွင့်တွေကို အကျပ်ကိုင် အဓမ္မပြုမှုတွေနဲ့ ရှေ့တန်းတင်ဖို့အတွက် မယုံကြည်ရတဲ့သဘာဝပတ်ဝန်း ကျင်နဲ့ ဥပဒေရေးရာ ဆင်ခြေတွေကိုအသုံး ပြုပြီး အပိုင်စီးဖို့ ကြိုးပမ်းတဲ့ တရုတ်ရဲ့ တစ်ဖက်သတ် လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်" ဟု ပိဂေါ့တ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်သည် လက်ရှိတွင် ၎င်းတို့ ထိန်းချုပ်ထားသော အဆိုပါ အဏ္ဏဝါကျောက်တန်း ပဝန်းကျင်၌ လွန်ခဲ့သောနှစ်က တစ်ဖက် သတ်,သတ်မှတ်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ စီမံခန့်ခွဲမှုဆိုင်ရာ နည်းဥပဒေသစ်များကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏ တောင်းဆိုချက်များသည် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဟုအပြည်ပြည်ဆိုင်ရာ ခုံသမာဓိရုံးက ဆုံးဖြတ်ထားသည့်တိုင် တရုတ်သည် အငြင်းပွားကျောက်တန်း အပါအဝင် တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်း အများစုကို ပိုင်ဆိုင်ကြောင်း ဆက်လက် တောင်းဆိုထားသည်။
အငြင်းပွားဖွယ် နယ်မြေများနှင့် ပတ်သက်၍ တရုတ်နှင့် ဖိလစ်ပိုင်တို့ ပဋိပက္ခများ မကြာမကြာ ဖြစ်ပွားလေ့ရှိပြီး နောက်ဆုံး ဖြစ်စဉ်များသည် လွန်ခဲ့သော လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref:AFP
AFP photos