Eleven Media Group

တရုတ် (တိုင်ပေ) ၏ စစ်ရေးလေ့ကျင့်မှုများကို သမ္မတလိုင်ချင်တယ် ကြီးကြပ်ကွပ်ကဲ

တရုတ် (တိုင်ပေ) တွင် ဩဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများကို သမ္မတလိုင်ချင်တယ်က ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။

နှစ်စဉ်ပြုလုပ်နေကျ အဆိုပါ စစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်၏ တိုက်ခိုက်မှုကို တွန်းလှန်သည့် ပုံစံဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လိုင်သည် ဒုံးကျည်များတပ်ဆင်ထားသည့် တိုက်ခိုက်ရေးစပိဘုတ်ပေါ်သို့ တက်ခဲ့ကာ အနိမ့်ပျံ တိုက်ခိုက်ရေးဒရုန်းများ ဖြန့်ကြက်မှုကို ကြည့်ရှုခဲ့သည်။

ဟွမ်ကွမ်ဟု အမည်ပေးထားသော အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ဩဂုတ် ၅ ရက်မှစပြီး ၁၀ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော တရုတ် (တိုင်ပေ) ကျွန်းကို ကာကွယ်ရန် ရည်ရွယ်ပြုလုပ်နေခြင်းဖြစ်သည်။

တရုတ်သည် တရုတ် (တိုင်ပေ) ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး ထိန်းချုပ်သွားမည်ဟု ပြောကြားထားကာ တရုတ် (တိုင်ပေ) ကမူ တရုတ်၏ နယ်နိမိတ်ကြေညာချက်များကို ငြင်းပယ်ထားသည်။

လိုင်သည် တရုတ် (တိုင်ပေ) တောင်ပိုင်း ကောင်းရှုံမြို့ရှိ ရေတပ်စခန်း၌ တိုက်ခိုက်ရေးစပိဘုတ်ပေါ်သို့ တက်ရောက်ခဲ့ပြီး အဆိုပါစခန်းမှနေပြီး စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ဆင်နွှဲနေကြသည့် ရေတပ်သားများကို သတင်းစကား ထုတ်လွှင့်ပြောကြားခဲ့သည်။

" Han Kuang စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ ကွပ်ကဲမှု ပေါင်းစပ်ညှိနှိုင်းရေး၊ စစ်မက်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းနဲ့ အမျိုးသား ကာကွယ်ရေး စွမ်းရည်တွေကို စမ်းသပ်ဖို့အတွက် စစ်သားအစစ်၊ မြေပြင်အနေအထားအစစ်နဲ့ လက်နက်ကိရိယာအစစ်တွေကို အသုံးပြုဆောင်ရွက်တာ ဖြစ်ပါတယ်" ဟု လိုင်က ပြောကြားခဲ့သည်။

ပြင်ပ ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အစိုးရအနေဖြင့် ကာကွယ်ရေး စွမ်းဆောင်ရည်များ ပိုမို အားကောင်းလာစေရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ပြီး စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့အား အကြီးမားဆုံး ကူညီပံ့ပိုးမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း လိုင်က ပြောကြားခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group