
နွန်ထဘူရီကျောင်းတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စာသင်ကျောင်းများအတွင်း လုံခြုံရေးစံနှုန်းသစ်များ သတ်မှတ်ရန် ထိုင်းအစိုးရက ရက် ၉၀ ကြာ အမျိုးသားအဆင့် စီမံချက်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
ယင်းစီမံချက်ကို ဝန်ကြီးဌာနငါးခုပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းသားများ၏ စိတ်ကျန်းမာရေး စစ်ဆေးမှုများကို ပိုမိုတင်းကျပ်ရန်၊ အနိုင်ကျင့်ဗိုလ်ကျမှုများအပေါ် လုံးဝခွင့်မလွှတ်သည့် မူဝါဒချမှတ်ရန်နှင့် တားမြစ်ပစ္စည်းများ ကျောင်းဝင်းအတွင်းသို့ ယူဆောင်လာခြင်းကို တင်းကျပ်စွာ စစ်ဆေးရန်တို့ ပါဝင်မည်ဖြစ်သည်။
ဩဂုတ် ၈ ရက်က ပညာရေးဝန်ကြီးဌာနတွင် ကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ အစည်းအဝေးတွင် စီမံချက်အကြောင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ဦးဆောင်သူ ဒုတိယဝန်ကြီးချုပ် ယော့ချနန်က မိဘများနှင့်ပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကလေးငယ်တိုင်း ကျောင်းတွင် လုံခြုံစွာ ပညာသင်ယူခွင့်ရှိရမည်ဖြစ်ပြီး ယခုကဲ့သို့ စိတ်ထိခိုက်ဖွယ်ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် လုပ်ဆောင်သွားမည်ဟုလည်း အလေးပေးပြောသည်။
ကျောင်းများတွင် အရေးပေါ်အခြေအနေ အမျိုးမျိုးအတွက် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ၊ ကျောင်းဝင်းအတွင်း ဗိုလ်ကျအနိုင်ကျင့်ခြင်းကို လုံးဝခွင့်မပြုသည့် မူဝါဒ ကျင့်သုံးသွားမည်။ ဆရာနှင့် ကျောင်းသားများအကြား ဆက်ဆံရေး ပိုကောင်းမွန်စေရန်နှင့် ကျောင်းသို့ဝင်ရောက်မည့်သူများ၊ တားမြစ်ပစ္စည်းများကို သေချာစစ်ဆေးသွားမည်ဖြစ်သည်။
မိဘများအနေဖြင့်လည်း သားသမီးများ၏ အပြုအမူ ပြောင်းလဲမှုများကို စောင့်ကြည့်ရန်နှင့် လိုအပ်ပါက စိတ်ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များ ရယူရန် လိုအပ်သည်ဟု ဒုတိယဝန်ကြီးချုပ်ကဆိုသည်။
ပညာရေးဝန်ကြီးဌာနက ဓား၊ သေနတ်နှင့် အခြားတားမြစ်လက်နက်များကို ကျောင်းဝင်းထဲသို့ ပါမလာစေရန် ကာကွယ်သည့်အနေဖြင့် အန္တရာယ်ရှိနိုင်သူဟု ယူဆရသည့် ကျောင်းသားများ၏ လွယ်အိတ်များနှင့် ကိုယ်ပိုင်ပစ္စည်းများကို ကျောင်းအုပ်များနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာများက ရှာဖွေစစ်ဆေးခွင့်ပြုမည့် စည်းမျဉ်းသစ်တစ်ရပ်ကို ပြင်ဆင်နေသည်။
ကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးစီ၏ မိသားစုများအတွက် လျော်ကြေးငွေ ဘတ်တစ်သန်းစီ ပေးအပ်မည်ဟု ထိုင်းအစိုးရက အတည်ပြုထားပြီး ဒဏ်ရာအနည်းငယ်ရသူများအတွက် ဘတ်တစ်သိန်းမှ အမြဲတမ်းမသန်စွမ်း ဖြစ်သွားသူများအတွက် ဘတ်ခုနစ်သိန်းအထိ ပေးအပ်သွားမည်ဖြစ်သည်။
Ref: Khaosod English