Eleven Media Group

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးအတွက် အီရန်က တောင်းဆိုချက်များ ထုတ်ပြန်

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးအတွက် အီရန်က ဩဂုတ် ၈ ရက်တွင် တောင်းဆိုချက်များကို ထုတ်ပြန်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုများအတွက် လျော်ကြေးပေးရန်အပါအဝင် မရှိမဖြစ်လိုအပ်သည့် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကို အီရန်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အား တိုက်ခိုက်ခဲ့ပြီးနောက် အီရန်သည် အဆိုပါ ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့ထားခဲ့ပြီး သင်္ဘောများဖြတ်သန်းသွားလာခများ ကောက်ခံရန်ဆန္ဒရှိနေကာ ၎င်းတို့ သတ်မှတ်ထားသည့် လမ်းကြောင်းကို ရှောင်ကွင်းမောင်းနှင်ရန် ကြိုးပမ်းသည်ဟု စွပ်စွဲထားသည့် သင်္ဘောများကို တိုက်ခိုက်လျက်ရှိသည်။

စစ်ပွဲမဖြစ်ပွားမီက လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ခဲ့သော အဆိုပါ ရေလက်ကြားအတွင်း တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် ဧပြီလက ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားသွားခဲ့သည်။

ထိုအချိန်မှစပြီး ကြားဝင်စေ့စပ်ပေးသူများက အီရန်နှင့် အမေရိကန်ကို ဇွန်လအတွင်းက နားလည်မှုစာချွန်လွှာပါ စည်းကမ်းချက်များကို ပြန်လည်လိုက်နာရန် တိုက်တွန်းခဲ့ကြသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီက ရေလက်ကြား ဖြတ်သန်းသွားလာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အိုမန်နိုင်ငံနှင့် ဆွေးနွေးပွဲများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီဟု ပြောကြားခဲ့သော်လည်း ဟောမုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးသည် ဇွန်လ သဘောတူညီချက်ကို ချိုးဖောက်မှုအတွက် လျော်ကြေးပေးရန်နှင့် အခြားအခြေအနေများအပေါ် မူတည်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အီရန် လုံခြုံရေးအကြီးအကဲ မိုဟာမက် ဘာဂါ ဇိုဂါဒရာက ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် လက်ဘနွန်၊ ပါလက်စတိုင်း၊ ယီမင်နှင့် အီရတ်တို့ရှိ အီရန်နှင့် ၎င်း၏ မဟာမိတ်များအပေါ် စစ်ပွဲနှင့် ကျူးကျော်တိုက်ခိုက်မှုများကို အဆုံးသတ်ရေး အပါအဝင် တောင်းဆိုချက်စာရင်းတစ်ခုကို ဩဂုတ် ၈ ရက်တွင် တင်ပြခဲ့သည်။

ထို့ပြင် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားသည် အမေရိကန်ရေတပ်သင်္ဘောများကိုကို ရုပ်သိမ်းရန်၊ ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ရန်၊ ထိန်းချုပ်ခံထားရသော အီရန်၏ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန်နှင့် စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုများအတွက် လျော်ကြေးပေးရန်တို့ကိုလည်း တောင်းဆိုခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ခြင်းသည် အီရန်နှင့် အိုမန်တို့ကြား ဆွေးနွေးပွဲများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းပြောကြားခဲ့ပြီး ရန်သူသည် ရေလက်ကြားဖွင့်လှစ်ရေးအတွက် အီရန်၏ စည်းကမ်းချက်များကို မဖြစ်မနေ လက်ခံရမည်ဟု ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group