
ကိုဆိုဗိုနိုင်ငံတွင် အတိုက်အခံလွှတ်တော်အမတ်တစ်ဦးက ယာယီဝန်ကြီးချုပ် အယ်လ်ဘင် ကာတီကို ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လွှတ်တော်အစည်းအဝေးကို ယာယီရပ်နားခဲ့ရသည်။
ဥရောပ၏ သက်တမ်းအငယ်ဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော ကိုဆိုဗိုသည် လက်ရှိတွင် နိုင်ငံရေါ်အကျပ်အတည်းနှင့် ကြုံတွေ့နေရပြီး ပြီးခဲ့သည့် နှစ်နှစ်အတွင်း သုံးကြိမ်တိုင်တိုင် ရွေးကောက်ပွဲများ ကျင်းပခဲ့ရကာ သဘောထားကွဲလွဲမှု အလွန်ကြီးမားလှသဖြင့် အစိုးရအဖွဲ့များ ဆက်တိုက် ပြိုလဲခဲ့ရသည်။
သမ္မတသစ်ရွေးချယ်ရေးအတွက် အတိုက်အခံပါတီများနှင့် ရက်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းနေရသည့် ကာတီသည် ဩဂုတ် ၈ ရက်က လွှတ်တော်တွင် အရေးကြီးသော မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းရန် ကြိုးပမ်းစဉ် လွှတ်တော်အမတ် တိုင်းမ် ကာဒရီဂျက်က ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်၏ ရှေ့တန်းတွင် ထိုင်နေသော ကာတီအား ကြက်ဥများဖြင့် ပစ်ပေါက်နေချိန်တွင် ကာဒရီဂျက်က "ရှက်စရာကောင်းလိုက်တာ" ဟု အော်ဟစ်ခဲ့သည်။
လုံခြုံရေးဝန်ထမ်းများက ကာတီကို ကာကွယ်ရန် အပြေးအလွှား ရောက်ရှိလာချိန်တွင် အစည်းအဝေး သဘာပတိက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖြတ်တောက်ရန် တောင်းဆိုခဲ့သည်။
သို့သော် ကာတီသည် ယင်းဖြစ်ရပ်ကြောင့် တုန်လှုပ်သွားခြင်းမရှိဘဲ မိမိအနေဖြင့် ကြက်ဥများဖြင့် ပစ်ပေါက်ခံရခြင်းသည် ဆွေးနွေးညှိနှိုင်းမှု၏ ပေးဆပ်ရသည့် တန်ဖိုးဆိုပါက အဆိုပါတန်ဖိုးကို ဝမ်းမြောက်စွာ ပေးဆပ်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
Ref: AFP
Photos - Reuters