
ရေကြီးရေလျှံမှု အချိန်ကြာမြင့်နေမည်ဆိုပါက လူများ၏နေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်မှုများ ပိုမိုများပြားမည်ဖြစ်သဖြင့် ရေများ အမြန်ပြန်လည်ကျဆင်းနိုင်ရေး ရေဆင်းလမ်းကြောင်းများ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဩဂုတ် ၈ ရက်က ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြချက်များအပေါ် ၎င်းက ထိုသို့ဖြည့်စွက်ပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံဖြစ်ပွားမှုဆိုင်ရာများနှင့် တာတမံ၏ သမိုင်းကြောင်းဆိုင်ရာများ၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ တာမိုင် ၂၅/၃ အနီး တာအိ တာလျှော ဖြစ်ပွားမှုနှင့် သဲဗွက်ဖြစ်ပွားမှုအခြေအနေများ၊ လူနေရပ်ကွက်များ၊ အခြေခံပညာကျောင်းများအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ ရေကြီးရေလျှံမှု စတင်ဖြစ်ပွားချိန်မှစ၍ ဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေတိုက်စားပြိုကျမှုမှ ကာကွယ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လာရောက်ကြသည့် ပရဟိတကားများအတွက် စက်သုံးဆီများ ဖြန့်ဖြူးဆောင်ရွက်ထားရှိမှု၊ ကျုံပျော်မြို့နယ်အတွင်း ရေဝင်ရောက်လာနိုင်မည့်ကျေးရွာများအား ရေဘေးရှောင်စခန်းများသို့ ကြိုတင်ပြောင်းရွှေ့ပေးနိုင်ရေး အစီအမံရေးဆွဲထားရှိမှု၊ ရေကျသွားသည့်နေရာများမှ စာသင်ကျောင်းများ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ရေများ ပြန်လည်ကျဆင်းလျက်ရှိမှုနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေငန်ဝင်ရောက်သည့် မြစ်ကြီးများနှင့် ရေငန်ဝင်ရောက်မှုအခြေအနေများ၊ ရေငန်ဝင်ရောက်မှုကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်းနှင့်တာဝန်ရှိသူများက တမံကျိုးပေါက်မှုဖြစ်စဉ် စတင်ခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့မှစပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ ပြည်ထောင်စုဝန်ကြီးဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ စေတနာလုပ်အားရှင်များစုပေါင်းပြီး ထုတ်တန်းရိုက်၊ ဝါးထရံကာခြင်း၊ Geobag ချခြင်း၊ ကရိန်းရေယာဉ်ဖြင့် ရေဝင်လမ်းအထက်၌ သဲအိတ်ချခြင်း၊ သံခွံ CB တွဲဖြင့် သဲဖြည့်ဖြုတ်ချပြီး ရေဝင်ထိန်းကာကွယ်ခြင်း၊ ပန်းတာ၏ဘယ်ညာတို့တွင် သဲအိတ်ချပိတ်ခြင်း စသည်တို့ကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ဒေသများတွင် လှုပ်ရှားဆေးအဖွဲ့များဖြင့် အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ သောက်သုံးရေနှင့် ကျန်းမာရေးနှင့်အညီ သန့်ရှင်းသည့်အစားအသောက်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ လိုအပ်သည့်ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာရရှိရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ရေဝင်နစ်မြုပ်ခဲ့သည့် စိုက်ပျိုးလယ်ယာများအား စစ်ဆေး၍ ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများ၌ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး စပါးမျိုးများ စုဆောင်းထားရှိမှုနှင့် အခြားလိုအပ်သည်များကို ပြင်ဆင်စီမံဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် စက်ယန္တရားများပြင်ဆင်ထားရှိမှု၊ တောင်သူများအနေဖြင့် ရေကျသွားချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ တာတမံများပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိမူနှင့် ရေပြန်လည်ကျဆင်းသွားသည့်အချိန်တွင် ရထားလမ်းများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအပါအဝင် ပို့ဆောင်ရေးလုပ်ငန်းများ မူလအတိုင်းပြန်လည်ဆောင်ရွက်နိုင်ရေးစီမံထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
တင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မူလကမ်းရင်းတာနှင့် ငဝန်တာ (မြစ်ကျိုးပန်းတာ) တို့တည်ဆောက်ခဲ့မှုနှင့် ပြုပြင်ထိန်းသိမ်းခဲ့မှုအခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်ကတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့မှုအခြေအနေများ၊ ယခုရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ရေဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသည့်ဒေသများရှိ ပြည်သူများ၏ တစ်ကိုယ်ရည်ကျန်းမာရေးနှင့် သန့်ရှင်းသောသောက်သုံးရေများ လုံလောက်စွာရရှိရန်လိုကြောင်း၊ ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအား ပြန်လည်စိုက်ပျိုးသွားမည်ဆိုပါကလည်း အောင်ရေရှိအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကို စိုက်ပျိုးသွားကြရန်လိုကြောင်း၊ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့်ယန္တရားများကို ကြိုတင်ရွှေ့ပြောင်းထားရန်နှင့် လိုအပ်သည့်စက်သုံးဆီများကိုလည်း ကြိုတင်စုပုံထားရှိသွားရန်လိုကြောင်း၊ တမံနိမ့်ကျပျက်စီးသွားသည့်နေရာအား ယာယီပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးအောင် ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ရေကြီးရေလျှံမှု အချိန်ကာလကြာမြင့်နေမည်ဆိုပါက လူများ၏နေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်မှုများပိုမိုများပြားစေမည်ဖြစ်သဖြင့် ရေကျော်စီးဝင်ခဲ့သည့်ရေများ အမြန်ပြန်လည်ကျဆင်းနိုင်ရေး ရေဆင်းလမ်းကြောင်းများ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုမိုးရာသီကာလအတွင်း တာတမံမြေနိမ့်ကျမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက်လည်း လိုအပ်သည့်မြေပြင်ကွင်းဆင်းစစ်ဆေး တိုင်းတာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခံ့သည်။
အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။