Eleven Media Group

ဘရာဇီးတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လူလေးဦး သေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ဩဂုတ် ၈ ရက်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့မှုကြောင့် လူလေးဦး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ကိုလံဘီယာမှ ခရီးသွားအမျိုးသမီးသုံးဦးပါဝင်ကြောင်း ကိုလံဘီယာကောင်စစ်ဝန်က ပြောကြားခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်သည် သစ်တောထူထပ်သော တောင်စောင်းသစ်တောတစ်ခုဖြစ်သည့် တီဂျူးကား အမျိုးသားဥယျာဉ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။

မီးသတ်တပ်ဖွဲ့က လေယာဉ်မှူးနှင့် အမျိုးသမီးသုံးဦးတို့ မီးလောင်ကျွမ်း သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ပျက်ကျခဲ့သည့် ရဟတ်ယာဉ်၏ ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

သေဆုံးသူ အမျိုးသမီးသုံးဦးသည် ၎င်းတို့မိသားစုဝင်တစ်ဦးဖြစ်သည့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ မွေးနေ့ပွဲကို ကျင်းပရန် ရီယိုဒီဂျနေးရိုးသို့ သွားရောက်မည့် မိသားစုဝင် ခြောက်ဦးအဖွဲ့ထဲမှဖြစ်သည်။

ရဟတ်ယာဉ်သည် ခရီးသည်သုံးဦးသာ လိုက်ပါနိုင်သဖြင့် မွေးနေ့ရှင် မိန်းကလေး၏ အဖွား၊ အဒေါ်နှင့် ဝမ်းကွဲညီအစ်မ တစ်ဦးတို့က အရင်ဆုံး သွားရောက်ချိန်တွင် လမ်းခရီး၌ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ရီယိုဒီဂျာနေရိုမြို့ရှိ ကိုလံဘီယာ ကောင်စစ်ဝန်ချုပ် ဒိုင်ယာနာ ပါရက်စ်က ပြောကြားခဲ့သည်။

မွေးနေ့ရှင် မိန်းကလေးမှာမူ ၎င်း၏ ဖခင်၊ ဖခင်၏ လက်တွဲဖော်တို့နှင့်အတူ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြင့် နောက်မှ လိုက်ပါရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း ပါရက်စ်က ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group