Eleven Media Group

ဂါဇာဒေသ ငြိမ်းချမ်းရေးကို စီမံကိန်းအတိုင်း ဆက်လက်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဟားမာ့စ်အဖွဲ့ ပြောကြား

ဂါဇာ ငြိမ်းချမ်းရေးအတွက် အမေရိကန် ထောက်ခံထားသည့် စီမံကိန်းအတိုင်း ဆက်လက်ဆောင်ရွက်ရန် အသင့်ရှိကြောင်းနှင့် အဆိုပါ သဘောတူညီချက်၏ နောက်ဆုံးအပိုင်းကို သဘောမတူဟု အခိုင်အမာ ငြင်းဆိုထားသော အစ္စရေးကို ဖိအားပေးရန် ဟားမာ့စ်အဖွဲ့က ဩဂုတ် ၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

ဂါဇာဒေသတွင် ပေါ်ပေါက်လာမည့် ပါလက်စတိုင်း အုပ်ချုပ်ရေးကော်မတီထံ လက်နက်များ လွှဲပြောင်းပေးရမည့် အစီအစဉ်၏ နောက်ဆုံးအဆင့်ကို ထောက်ခံကြောင်း ဟားမတ်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေးကော်မတီသို့ အကြောင်းကြားခဲ့သည်။

"အစ္စရေးရဲ့ အတည်ပြုချက်ရရှိပြီး အစ္စရေးဘက်က စတင်အကောင်အထည်ဖော်မယ်ဆိုရင် ဒီသဘောတူညီချက်ကို စတင်စိုက်ထူဖို့နဲ့ ဒုတိယအဆင့်ကို ကူးပြောင်းဖို့ အသင့်ရှိကြောင်း ဟားမာ့စ်နဲ့ အခြားအဖွဲ့အစည်းတွေက ကြားဝင်စေ့စပ်သူတွေကို အတည်ပြုပြောကြားထားပါတယ်" ဟု ဟားမတ်စ် တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

"ဟားမာ့စ်အနေနဲ့ အမေရိကန်အစိုးရကို အစ္စရေးဘက်က သဘောတူညီချက်အတိုင်း လိုက်နာပြီး ဒုတိယအဆင့်ကို ကူးပြောင်းလာအောင် ဖိအားပေးဖို့ တိုက်တွန်းနေပါတယ်" ဟု အမည်မဖော်လိုသည့် အဆိုပါ တာဝန်ရှိသူကဆိုသည်။

ပြီးခဲ့သည့်အပတ်က ထရန့်သည် ထိုစီမံကိန်းအရ ဟားမာ့စ်အဖွဲ့က လက်နက်ဖြုတ်သိမ်းရေးကို သဘောတူခဲ့ခြင်းအား ကြီးမားသည့် တိုးတက်မှုအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး အပြန်အလှန်အားဖြင့် အစ္စရေးကလည်း ဂါဇာဒေသအများအပြားမှ အဆင့်လိုက် တပ်ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မတီက ပြောကြားခဲ့သည်။

သို့သော် အောက်တိုဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ရင်ဆိုင်နေရပြီး ဂါဇာသဘောတူညီချက်နှင့် ပတ်သက်၍ မိမိ၏ လက်ယာယိမ်း အောက်ခြေထောက်ခံသူများထံမှ ပြင်းထန်သော ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ငြိမ်းချမ်းရေးဘုတ်အဖွဲ့က တင်ပြထားသော မူကြမ်း ကို အစ္စရေးဘက်က သဘောမတူခဲ့ကြောင်း ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

နေတန်ယာဟုသည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ဂါဇာဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် နီကိုလေအမ်လာဒီနော့ဗ်နှင့် ဩဂုတ် ၆ ရက်တွင် တွေ့ဆုံခဲ့ရာ အမ်လာဒီနော့ဗ်က ၎င်း၏စကားကို ပြန်လည်ပြင်ဆင်ပြီး ဟားမာ့စ်အဖွဲ့ဘက်မှ အပြည့်အဝ လက်နက်ဖြုတ်သိမ်းပြီးမှသာ အစ္စရေးက တပ်ရုပ်သိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးအပေါ် အဆိုးရွားဆုံး တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့်ဟားမာ့စ်အဖွဲ့အား ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း အစ္စရေးစစ်တပ်က ကတိပြုထားသည်။

ဩဂုတ် ၈ ရက်က ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း ဒိုင်ယာအယ်လ်ဗာလာ၏ အရှေ့ဘက်တွင် အစ္စရေး၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ပြကာကွယ်ရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘက်ဆယ်လ် က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတစ်ဝန်းတွင် ကလေးငယ်များအပါအဝင် လူ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း လတ်တလောရက်ပိုင်းအတွင်း အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများမှာ သေနတ်ဖြင့် ပစ်ခတ်မှုများနှင့် ဒရုန်းများကိုသာ တွေ့ရှိရပြီး လေကြောင်းမှ တိုက်ခိုက်မှုများမရှိတော့ဘဲ ပြင်းထန်မှု လျော့ကျသွားပုံရသည်။

Ref:AFP

Photo:AFP

မူရင်းသတင်း — Eleven Media Group