Eleven Media Group

ရေးဘီလူးအမည်ရှိ PDF အဖွဲ့၏ Facebook Page တွင် Comment ဝင်​ရောက်ရေးခဲ့မှုဖြင့်.အမျိုးသမီးတစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် ရေးဘီလူးအမည်ရှိ PDF အဖွဲ့၏ Online Page တွင် Comment ဝင်​ရောက်ရေးခဲ့မှုဖြင့်.အမျိုးသမီးတစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ခဲ့​ကြောင်း သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသူမှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာနေ အသက် (၂၉) နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပု ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Phoo Pwint Wai အမည်ဖြင့် Account ဖွင့်လှစ်ကာသုံးစွဲလျှက်ရှိကြောင်းနှင့် အဆိုပါ Account ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရက်က ရေးဘီလူးအဖွဲ့၏ Page တွင် “မိုးရာသီ” စာသား Post တင်ထားသည့်အောက်တွင် “အားလုံးဘေးကင်းကျပါစေ” ဟု Comment ရေးသားခဲ့သည်။

ထို့အတူ ဩဂုတ် ၄ ရက်တွင်လည်း ရေးဘီလူးအဖွဲ့၏ Page တွင် "အလှူရှင်ကြီး ကျေးဇူးပါ ခွန်အားဖြင့် ရပါတယ်ဗျာ” စာသား Post တင်ထားသည့်အောက်တွင် “အလှူရှင်များအားလုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကျပါစေ” ဟူ၍လည်းကောင်း၊ ဩဂုတ် ၆ ရက်တွင်လည်း ရေးဘီလူးအဖွဲ့၏ Page တွင်”ငိုးမသားရက် ၁၀၀ ပြည့် ရေးဘီလူး အခြေအနေ အရှေ့တန်းမှာ ခုလိုလမ်းလျှောက်ရဲလား ခေါင်းစိမ်းတို့” စာသား Post တင်ထားသည့်အောက်တွင် “အားလုံး အသက်ရှည် ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလဲ အောင်မြင်ကြပါစေ၊ အစစအရာရာ ဂရုစိုက်ပါအကျဲရေ” ဟူ၍လည်းကောင်း Comment များဝင်ရောက်ရေးသားခဲ့သည်။

ထိုသို့ ရေးဘီလူးအဖွဲ့၏ Page တွင် Comment များဝင်ရောက်ရေးသားခဲ့သည့် မဖူးပွင့်ဝေ (ခ) သမီးပု အား သက်ဆိုင်ရာကသွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိတွင် မဖူးပွင့်ဝေ (ခ) သမီးပု အား သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Eleven Media Group