
ဘန်ကောက်ရဲတပ်ဖွဲ့က နာမည်ကျော် ပုဂ္ဂလိကကျောင်းတစ်ကျောင်းဖြစ်သည့် Saint Gabriel’s College မှ ကျောင်းသားတစ်စုကို လေသေနတ်ဖြင့် အခြားကျောင်းသားတစ်ဦးအား ခြိမ်းခြောက်ရိုက်နှက်ခဲ့မှုဖြင့် အမှုဖွင့် တရားစွဲထားကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။
အသက် ၁၇ နှစ်ခန့်အရွယ်ရှိ အတန်းကြီးကျောင်းသားများက အသက် ၁၄ နှစ်အရွယ် ကျောင်းသားအား ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုဖြင့် စွဲချက်တင်ခံရခြင်းဖြစ်သည်။ ကျူးလွန်သူကျောင်းသားများကို လူငယ်တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့ကပြောသည်။
ဩဂုတ် ၇ ရက်က နွန်ထဘူရီပြည်နယ်ရှိ ကျောင်းတွင်းပစ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးစိုးထိတ်နေချိန် Saint Gabriel’s ကျောင်းဗီဒီယိုဖိုင် အွန်လိုင်းတွင်ပျံ့နှံ့လာရာ လူငယ်များအကြား အကြမ်းဖက်မှုများနှင့် လက်နက်အသုံးပြုမှုအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။
Saint Gabriel’s ကျောင်းဖြစ်စဉ်က ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုတွင် အမျိုးသားကက်သလစ်ကျောင်းဖြစ်သည့် Saint Gabriel’s College ၏ ကျောင်းဝတ်စုံဖြင့် ကျောင်းသားသုံးဦးကို တွေ့ရသည်။အတန်းကြီးကျောင်းသားနှစ်ဦးထဲမှ တစ်ဦးက လေသေနတ်ကိုင်ထားပြီး ငယ်သည့်ကျောင်းသားကို ခြေဖြင့် ကန်နေသည်ကို တွေ့ရသည်။
ဗီဒီယိုဖိုင်ပျံ့ပြီး နာရီပိုင်းအကြာတွင် ကျောင်းက ကြေညာချက်ထုတ်ခဲ့ပြီး ကျောင်းသားများ၊ မိဘများနှင့်တွေ့ဆုံကာ မေးမြန်းစစ်ဆေးခဲ့သည်ဟုဆိုသည်။ သက်ဆိုင်သည့် ကျောင်းသားများကို ကျောင်းက စည်းကမ်းပိုင်းအရေးယူခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ကျောင်းသားများနှင့် မိဘများကိုခေါ်ယူကာ လူငယ်မှုခင်းဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
၁၉၂၀ ခုနှစ်က တည်ထောင်ခဲ့သည့် Saint Gabriel’s သည် ထိုင်းနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ဘက်ပုဂ္ဂိုလ်များအပါအဝင် ထင်ရှားသူများစွာကို မွေးထုတ်ပေးထားသည့် ကျောင်းဖြစ်သည်။
Ref: Bangkok Post