
ကနေဒါနိုင်ငံ အနောက်ပိုင်းBritish Columbia ပြည်နယ်တွင် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေသော တောမီးကြောင့် ညတွင်းချင်း လူဦးရေ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီးနောက် အာဏာပိုင်များက ဩဂုတ် ၈ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ဩဂုတ် ၇ ရက်နှောင်းပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းများကြောင့် ဘော့ဒ်ရိန်းချ် တောမီးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားလာခဲ့ပြီး ဆမ်းမားလန်း ဒေသနှင့် ပတ်ဝန်းကျင် တောင်ကြားတစ်ခုလုံးရှိ ဒေသခံများကိုပါ ခြိမ်းခြောက်လာခဲ့သည်။
"နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ ရာသီဥတုအခြေအနေ ရုတ်တရက် ပြောင်းလဲသွားတာကြောင့် အချို့သောလူတွေ မီးဘေးကြားမှာ ပိတ်မိကျန်ရစ်ခဲ့တယ်ဆိုတာကိုလည်း သိရှိရပါတယ်" ဟု British Columbia ပြည်နယ်ဝန်ကြီးချုပ် ဒေးဗစ်အီးဘီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
"တောမီးလောင်ကျွမ်းနေတဲ့ နေရာတစ်ဝိုက်မှာ ပိတ်မိပြီး သီးခြားဖြစ်ကျန်နေခဲ့ရသူတွေကို လေကြောင်းကနေ ရွှေ့ပြောင်းပေးမှုတွေ ပြုလုပ်နေပါတယ်" ဟု အီးဘီက ဆိုသည်။
ပြည်နယ်၏ အရေးပေါ်စီမံခန့်ခွဲရေးနှင့် ရာသီဥတုဆိုင်ရာ အသင့်ပြင်ဆင်ရေးဝန်ကြီး ကယ်လီဂရင်းက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။
မီးတောက်များ ကူးစက်လာစဉ် ဖောဒါ ဒေသမှ လူ ၅၀ ကျော်ကို လေကြောင်းလိုင်းများဖြင့် အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း CTV News က ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ် မာ့ခ်ကာနီကလည်း ပြည်သူများ ဘေးကင်းလုံခြုံရန်အတွက် ကြိုးပမ်းပေးနေကြသည့် မီးသတ်သမားများနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်း လူမှုမီဒီယာ X တွင် ရေးသားဖော်ပြခဲ့သည်။
Ref:AFP
Photo:AFP