
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာတာမိုင် ၂၅/၃ အနီး တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ငါးသိုင်းချောင်းမြို့ရှိ ရွှေဘိုရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်အတွင်းသို့ သြဂုတ် ၉ ရက် နံနက်ပိုင်းက ရေများထပ်မံဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်သောကြောင့် ရွှေဘိုရပ် ကွက်အတွင်းရှိ အိမ်ထောင်စု ၁၆၇ စု၊ လူဦး ရေ ၆၁၁ ဦးနှင့် မြို့သစ်ရပ်ကွက်ရှိ အိမ်ထောင်စု ၁၀၉ စု၊ လူဦးရေ ၃၅၆ ဦး စုစုပေါင်းအိမ်ထောင်စု ၂၇၆ စု၊ လူဦးရေ ၉၆၇ ဦးအား ယာယီ ရေရှောင်စခန်းငါးခုသို့ ထပ်မံရွှေ့ပြောင်းထားကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ နေအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ရှိ ငဝန်မြစ်ရေ၏လက်ရှိရေအမှတ်မှာ သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ်အောက် နှစ်ပေသို့ ပြန်လည်ကျဆင်းနေပြီး ထပ်မံရောက်ရှိလာသော ရေများသည် လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာ တာတမံ နိမ့်ကျမှုဖြစ်ပွားခဲ့သည့်နေရာမှ စီးဝင်လာခြင်းဖြစ်ပြီး ငါးသိုင်းချောင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ လူမှုကယ်ဆယ်ရေးပရဟိတ အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများ အား ကူညီကယ်ဆယ်ရေးကွပ်ကဲရေး ရုံးဖွင့်လှစ်၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ငဝန်တာတာတမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ရေကြည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၈၃၀၊ လူဦးရေပေါင်း ၂၉၆၀၊ ရေဘေးကြောင့် ယာယီပြောင်းရွှေ့ရာနေရာ ၁၈ ခုဖွင့်လှစ်ထားပြီး ရေဝင်ရောက်သည့် စာသင်ကျောင်း ခြောက် ကျောင်းကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။