Eleven Media Group

လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး လူပေါင်းများစွာ ရွှေ့ပြောင်းပေးခဲ့ရပြီးနောက် တိုင်ဖုန်းမုန်တိုင်း Dolphin တရုတ်နိုင်ငံသို့ ဝင်ရောက်

လေယာဉ်ခရီးစဉ်ပေါင်း ၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရခြင်း၊ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရခြင်းနှင့် အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ရခြင်းတို့ ပြုလုပ်ခဲ့ရသည့် တိုင်ဖွန်းမုန်တိုင်း Dolphin သည် လူဦးရေ ထူထပ်သည့် တရုတ်အရှေ့ပိုင်းဒေသသို့ ဩဂုတ် ၉ ရက်တွင် ဝင်ရောက်ခဲ့သည်ဟု မိုးလေဝသ အာဏာပိုင်များက ပြောကြားခဲ့သည်။

​တရုတ်အရှေ့ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းကျရောက်မည်ဟု ခန့်မှန်းထားသည့် လမ်းကြောင်းတစ်လျှောက် အလုပ်များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လွန်ခဲ့သည့်ရက်ပိုင်းကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။

​မုန်တိုင်းဗဟိုချက်သည် ဇီကျန်းပြည်နယ် ယူဟွမ်းမြို့ အနီး ကမ်းရိုးတန်းပေါ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲခန့်တွင် ဖြတ်သန်းဝင်ရောက်ခဲ့သည်ဟု တရုတ် အမျိုးသားမိုးလေဝသ စခန်း (NMC) က အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

​မုန်တိုင်း စတင်ဝင်ရောက်ချိန်တွင် မုန်တိုင်းဗဟိုချက်အနီး၌ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၀ ကီလိုမီတာ (၉၄ မိုင်) ကျော်အထိ ရှိခဲ့သည်ဟု NMC က ပြောကြားခဲ့သည်။

သြဂုတ် ၉ ရက်တွင် ရှန်ဟိုင်းမြို့၏ အဓိကခရီးသည်တင် လေဆိပ်နှစ်ခုမှ အဝင်အထွက်လေယာဉ်ခရီးစဉ် ၁,၄၀၀ နီးပါးကို ဖျက်သိမ်းခဲ့ရသည်ဟု နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

​ထို့အပြင် အနီးနားရှိ ဇီကျန်းပြည်နယ်၊ ဟန်ကျိုးလေဆိပ်တွင်လည်း ဆိုက်ရောက်၊ထွက်ခွာ လေယာဉ်ခရီးစဉ် ၂၇၀ ဖျက်သိမ်းခဲ့ရသည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

ဖူကျန်းတွင် လူ ၉၉,၀၀၀ ကို အန္တရာယ်များသောနေရာများမှ ပြောင်းရွှေ့စေခဲ့ရသည်ဟု သိရသည်။

Ref:AFP

AFP photos

မူရင်းသတင်း — Eleven Media Group