
■ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ထပ်တူစိတ်မကောင်း ဖြစ်ရကြောင်းနှင့် နိုင်ငံတော်နှင့် အလှူရှင်များက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသကဲ့သို့ ဒေသခံပြည်သူများအနေဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေး ဥစ္စာရင်လို ဥစ္စာရင်ခဲဖြင့် ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ယနေ့(သြဂုတ် ၉ ရက်)တွင် သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ငဝန်မြစ် ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတ မြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များစုပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများကို ယာယီရေဘေးရှောင် နေရာများသို့ ပို့ဆောင်နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(ဩဂုတ် ၈ ရက်)နံနက်ပိုင်းတွင် အဖွဲ့ဝင်များလိုက်ပါ၍ အဆိုပါ ငဝန်မြစ်ရေကာတာ တမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေဘေးသင့်ခဲ့ရသည့်ဒေသများရှိ ကျေးရွာများ၊ လူနေ အဆောက်အဦများအတွင်း ရေဝင်ရောက်နေမှုနှင့် ယာယီရေဘေးရှောင်နေရာများသို့ ပြောင်းရွှေ့ပေးထားမှု၊ စိုက်ပျိုးမြေများတွင် ရေဝင်ရောက်သဖြင့် ထိခိုက်ပျက်စီးနေမှုတို့ကို ပုသိမ်မြစ်ကြောင်းအတိုင်း ဟင်္သာတမြို့အထိ ရဟတ်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်ရန်၊ အလားတူ သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာမိုင် (၂၅/၃) တွင် တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရောက်ရှိပြီး တမံရေတိုက်စားမှု ကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်း ပိတ်ဆို့နိုင်ရေးအတွက် ရေတိုက်စားမှုလျော့ကျစေရန် ကမ်းပြိုကာကွယ်ရေးသုံး ပိတ်စအိတ် Geo Bag များချခြင်း၊ Geo Bag ဖြင့် ရေလွှဲရေကာပြုလုပ်ခြင်း၊ တာတမံရေထိမျက်နှာပြင် လျှောစောက်အား Geo Texile အစများ၊ Geo Bagများဖြင့်ကာကွယ်ခြင်း၊ ရေနက်ရေစီးလမ်းကြောင်းအား ဆက်လက်ပိတ်ဆို့နိုင်ရေးအတွက် သဲအပြည့်ဖြည့်ထားသော Geo Bag အိတ်ကြီးများနှင့် သဲအိတ်များကို နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုပ်ပိုး၍ ရေယာဉ်များ၊ သဲစုပ် သင်္ဘောများဖြင့် ချခြင်း၊ ရေစီးလမ်းကြောင်း တားဆီးနိုင်ရေး Steel Sheep Pile ရိုက်ခြင်းစသည့်လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ နည်းပညာကျွမ်း ကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူပေါင်းစပ် ညှိနှိုင်း အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်မှုတို့ကို ရဟတ်ယာဉ်ပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းဆောင်ရွက်မှုများ . အမြန်ဆုံးပြီးစီးမှုရှိစေရေး စနစ်တကျဆောင်ရွက် သွားရန်၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဟင်္သာတမြို့သို့ရောက်ရှိပြီး ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာသို့ မော်တော်ယာဉ်များဖြင့်သွားရောက်၍ လဟာပကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံနှစ်သိမ့် အားပေးစကားပြောကြားပြီး ဦးစွာ နိုင်ငံတော်သမ္မအား ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းက ရေဘေးရှောင် ပြည်သူများနှင့်ပတ်သက်သည့် အချက်လက်များအား ရှင်းလင်းတင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ရေဘေးရှောင်ပြည်သူများအား နှစ်သိမ့်အားပေး စကားပြောကြားရာတွင် မိမိအနေဖြင့် ယမန်နေ့ကတည်းကပင် လာရောက်တွေ့ဆုံနိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း ရာသီဥတုအခြေနေမပေးသဖြင့် လာရောက်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့အား ရဟတ်ယာဉ်များဖြင့်သာ လိုက်လံကြည့်ရှုခဲ့ရကြောင်း၊ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ၏အခက်အခဲများ လျော့ပါးသက်သာစေရေးနှင့် မူလလူမှုဘဝ အခြေအနေသို့ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများ အနေဖြင့်လည်း မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိကထား ဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပြီး စီးပွားရေးကောင်းမွန်သည့်၊ အစဉ်အလာကောင်းများရှိသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ကြုံတွေ့နေရသည့် သဘာဝဘေးဒဏ်ကို ဒေသတွင်းရှိအခြေခံကောင်းများအား အကျိုးရှိရှိအသုံးချ၍ ကျော်လွှားနိုင်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် သစ်ပင်စိုက်ပျိုးမှုများ အားနည်းလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် လမုပင်၊ မန်ဂျန်ရှားပင်၊ အုန်းပင်တို့အပါအဝင် သစ်ပင်များကို တစ်အုပ်တမ စနစ်တကျ စိုက်ပျိုးခြင်းအားဖြင့် ရေတိုက်စားမှုနှင့် လေပြင်းတိုက်ခတ်မှုဒဏ်တို့ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ရေဝင်ရေဝင်ပေါက်များ စနစ်တကျဖြစ်စေရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လိုပြီးဧရာဝတီမြစ်၊ ငဝန်မြစ်များနှင့် အခြားမြစ်ချောင်းများ ရေစီးဆင်းမှုများကောင်းမွန်စေရေး နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ရှား၍ ရနိုင်မည် မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်အတူ စေတနာရှင်အလှူရှင်များကလည်း စဉ်ဆက်မပြတ် လာရောက် လှူဒါန်းမှုများကို အားတက်ဖွယ်တွေ့ရှိရပြီး ယမန်နေ့ကပြုလုပ်သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် စုစုပေါင်းအလှူငွေ ငွေကျပ် ၂၃ ဘီလျံကျော်ကို လက်ခံရရှိခဲ့ကြောင်း၊ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် မိမိအနေဖြင့် ထပ်တူစိတ်မကောင်း ဖြစ်ရပါကြောင်း၊ နိုင်ငံတော်နှင့် အလှူရှင်များက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသကဲ့သို့ ဒေသခံ ပြည်သူများအနေဖြင့်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေး ဥစ္စာရင်လို ဥစ္စာရင်ခဲဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် မိဘများအနေဖြင့် မိမိတို့၏သားသမီးများ ကျောင်းပြန်လည်တက်ရောက်စေရေး အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ် မြောကမှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို အားပေးဆောင်ရွက် သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတကဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများရှိပြီးဖြစ်သဖြင့် တစ်ဦးချင်းကိုယ်စီ ကြိုးစားအားထုတ်ကြမည်ဆိုပါက နိုင်ငံတွင် ထိပ်တန်းအဆင့်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာနိုင်မည်ကို မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ကျောင်းပညာရေးနှင့် ပတ်သက်၍လည်း အတန်းအလိုက်၊ အဆင့်အလိုက် ကျောင်းတက်ရောက်မှုအပေါ်တွင်မူတည်၍ သင်ယူရသည့် စာပေပညာများ၊ နာယူရသည့် အသိပညာ ဗဟုသု တများ ကွာခြားသွားမည်ဖြစ်သဖြင့် ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူသွားကြရန် တိုက်တွန်း အားပေးလိုပါကြောင်း၊ ကျောင်းတက်ရောက်ခြင်းဖြင့် သင်ကြားခဲ့ရသည့် အတန်းပညာရပ်များ အလိုက် စည်း ကမ်းရှိသည့် လူငယ်များ၊ အသိပညာအတတ်ပညာများ ပြည့်စုံကျွမ်းကျင်သည့် စွမ်းရည်နှင့် စွမ်းအားရှိသည့် လူငယ် များဖြစ်လာမည်ဖြစ်ကြောင်းပြောကြားပြီး ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူကြပြီးနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လေးမျက်နှာ မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအနက် ထိခိုက်လွယ်အုပ်စုဝင်များအတွက် ထောက်ပံ့ ငွေကျပ် စုစုပေါင်း ၁၉ ဒသမ ၁၄ သန်းကို ထောက်ပံ့ပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဘုန်းတော်ကြီးကျောင်းအတွင်း ဟင်္သာတခရိုင်ကုသရေး ဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ ဟင်္သာတမြို့ ရွေ့လျားဆေးကုသရေးအဖွဲ့မှ ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။